'Support to Electoral Processes and Democracy - STEP Democracy'

"ပြည်သူ့နီတိဘာသာရပ်ကို သင်ကြားရတာ အရမ်းကြိုက်ပါတယ်၊ ဒီဘာသာရပ်ကို သင်တဲ့အချိန်မှာ သတ္တိရှိလာတယ်လို့ ခံစားရပါတယ်"

02 October, 2019

STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်၏ သင်ရိုးညွှန်းတမ်းအသစ်တစ်ခုဖြစ်သော ပြုစုပျိုးထောင် မျိုးဆက်သစ်ခေါင်းဆောင် ပြည်သူ့နီတိ သင်ခန်းစာများကို စကော်လာ အင်စတီကျု အဖွဲ့မှ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ထက်မြက်ထွန်းနှင့် ရွှေပင် ကိုယ်ပိုင်ကျောင်းတို့၌ စတင် အကောင်အထည်ဖော် သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများကို တက်ရောက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းမှ မည်သည့်အရာများကို သင်ယူခဲ့ကြပြီး သင်ခန်းစာများအပေါ် သူတို့၏ အမြင်များကို မေးမြန်းခွင့်ရခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကျောင်းသူ မဆုဝေဖြိုးမှ သူမ၏ အတွေ့အကြုံ ထင်မြင်ယူဆချက်များကို ပြောပြထားပါသည်။

သမီးနာမည်ကတော့ မဆုဝေဖြိုးပါ၊ သမီးကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ထက်မြက်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ နဝမတန်းကျောင်းသူ အဖြစ် ပညာသင်ကြားနေပါတယ်။

ပြည်သူ့နီတိဘာသာရပ်ကို သင်ကြားရတာ အရမ်းကြိုက်ပါတယ်၊ ဒီဘာသာရပ်ကို သင်တဲ့အချိန်မှာ သတ္တိရှိလာတယ်လို့ ခံစားရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ သမီးတို့တွေကို ဆရာမက အရှေ့ထွက်ပြီး စကားတွေပြောခိုင်းတယ်၊ အရင်ကဆိုနည်းနည်းကြောက်တယ် ခုတော့အရှေ့ထွက်ပြီး ပြောတဲ့အလေ့အထ ရလာတယ်လို့ မြင်ပါတယ်၊ 

ပြည်သူ့နီတိဘာသာရပ်က သမီးတို့သင်နေရတဲ့ ကျောင်းစာတွေနဲ့ ကွဲပြားခြားနားတယ်လို့မြင်ပါတယ်၊ သမီးတို့ကျောင်းစာတွေကျတော့ ကျက်စာတွေများတယ်၊ ဒီဘာသာရပ်ကကျတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သင်ရတယ် ဂိမ်းတွေဆော့ရတယ်။ ပီးတော့ သူငယ်ချင်းအချင်းချင်းကြား၊ သင်ပေးတဲ့ ဆရာမနဲ့ သမီးတို့ကြားမှာ ပိုပြီး ရင်းနှီးမှုရတယ်လို့ မြင်ပါတယ်။

သင်ခန်းစာတွေ အားလုံးထဲမှာဆိုရင် သမီးက သင်ခန်းစာ (၂) ဒီမိုကရေစီနှင့် မတူကွဲပြားမှုများကို ပိုကြိုက်ပါတယ်၊ သမီးတို့ပတ်ဝန်းကျင်မှာ မတူတာတွေ နောက်ပြီး မတူညီမှုတွေကို လေးစားရမယ်ဆိုတာတွေကို နားလည်ရလို့ပါ၊ အရင်ကဆိုရင် တစ်ချို့ကိစ္စတွေကို သိပ်နားလည်မပေးနိုင်ဘူး၊ ခုဒီသင်ခန်းစာကို သင်ကြားရတဲ့အတွက် သူငယ်ချင်းတွေကိုလည်း နားလည်ရမယ်လို့သိလာတယ်၊

သမီးကတော့ ဒီပြည်သူ့နီတိဘာသာရပ်ကို လူတွေအကုန်လုံး သိသင့်တယ်လို့ထင်ပါတယ်၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။