'Support to Electoral Processes and Democracy - STEP Democracy'

"ပြည်သူလူထုအတွက်ကို ဦးစားပေးဆောင်ရွက်တဲ့ ကိုယ်စားလှယ်နဲ့ ပြည်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ သူကိုမဲပေးပါမယ်။"

20 March, 2020

STEP Democracy ရဲ့ programme တွေထဲမှာ ပြည်သူ့နီတိနဲ့ မဲဆန္ဒရှင် အသိပညာပေး သင်တန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီသင်တန်းတွေမှာဆိုရင် ပုံမှန်အားဖြင့်တော့ အသက် ၁၈နှစ်အထက် လူငယ် လူလတ် လူကြီးပိုင်းတွေ တက်ရောက်ကြတာများပါတယ်။ သင်တန်းတွေမှာ တက်ရောက်သူတွေက ဒီမိုကရေစီ အခြေခံသဘောတရားတွေ၊ အခွင့်အရေးတွေ၊ တာဝန်နဲ့ ဝဋ်တရားတွေ၊ ရွေးကောက်ပွဲအကြောင်းတွေ၊ ဒီမိုကရေစီမှာ လူငယ်အခန်းကဏ္ဌ၊ သတင်းအချက်အလက်နဲ့ဆိုင်ရာတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဌ စတာတွေကို လေ့လာကြတာပါ။

မတ်လ ၁၃၊ ၁၄ရက်နေ့တုန်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ပြုလုပ်ပေးခဲ့တဲ့ သင်တန်းမှာဆိုရင် အမျိုးသမီးတွေအများစု တက်ရောက် သင်ယူခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ မိုးမောက်မြို့နယ်မှာရှိတဲ့  စစ်ဘေးရှောင်စခန်း (IDP camp) ကနေ လာရောက်ပြီးတော့ သင်တန်းတက်ရောက်တဲ့ မလဘန်ဆိုင်းမိုင်လည်း ပါဝင် ပါတယ်။

“ညီမနာမည်က လဘန်ဆိုင်းမိုင်ဖြစ်ပါတယ်။ ဇာတိကျေးရွာကတော့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် လော့ဒန့်ကျေးရွာဖြစ်ပါတယ်။ အခုကတော့ကြေးနန်ရပ်ကွက် RC IDP Camp မှာနေပါတယ်။ အခု သင်တန်းလုပ်တဲ့ နေရာနဲ့ဆိုရင် မိုင်၂၀ လောက်ဝေးပါတယ်၊ ကျွန်မတို့နေတာက တောင်ပေါ်မှာဆိုတော့။”

သူမဟာ စိတ်ပညာဘာသာရပ် ဒုတိယနှစ် ကျောင်းသူတစ်ဉီးလည်း ဖြစ်ပါတယ်။

“စစ်ဘေးရှောင် စဖြစ်တဲ့ အချိန်မှာတော့ ပညာရေးအတွက် တော်တော် အခက်အခဲရှိခဲ့ပါတယ်။ အစကတော့ နယ်စပ်ဒေသက IDP Camp မှာ နေခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ဒီဖက် မိုးမောက်မြို့နယ်ကို ရောက်လာခဲ့တာပါ။”

စစ်ဘေးရှောင်စခန်းမှာ နေရတာ ကြာနေပြီဆိုတော့ အိမ်ပြန်ရနိုင်မယ့် အကြောင်းကိုလည်း အခုလို ပြောပြပါသေးတယ်။

“အိမ်ပြန်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ပြောသံကြားဒါကတော့ ကျွန်မတို့ရွာကိုဒုတိယဦးစားပေးပြန်ခိုင်မယ်လို့ပြောဒါပါဘဲ။ အလွန်ဆုံးကြာရင်တစ်နှစ် နှစ်နှစ်အတွင်းတော့ပြန်ခိုင်းမယ်လို့ထင်ပါတယ်။”

မလဘန်ဆိုင်းမိုင်ဟာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတုန်းက မဲပေးခဲ့ပြီးတော့ အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း စစ်ဘေးရှောင်စခန်းမှာပဲ မဲပေးဖြစ်မယ် ထင်တယ်လို့ ဆိုပါတယ်။

“IDP Camp မှာဘဲမဲပေးဖို့များပါတယ်။ အရင်နှစ်တွေမှာက သက်ဆိုင်ရာကနေလမ်းညွန်တဲ့အတိုင်း မဲပေးခဲ့ပါတယ်။၂၀၁၅ မှာလည်းမဲပေးခဲ့ပါတယ်။”

လာမယ့်ရွေးကောက်ပွဲပြီးရင် အိမ်ပြန်ရဖို့အတွက်ကိုလည်း သူမက မျှော်လင့်တယ်လို့ ပြောပါတယ်။ “မျှော်လင့်မိပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အချိန် ကျွန်မတို့ကိုပြန်ခိုင်းမယ်လို့ပြောပါတယ်။ IDP Camp မှာလည်းနေစရာမလိုတော့ဘူးပေါ့။ နေရပ်ကိုပြန်တဲ့အခါမှာ အကုန်လုံး ရွာသူရွားသားတွေ အစစအရာရာအဆင်ပြေဖို့၊ နေရာထိုင်ခင်းနဲ့ ရေမီးကအစ အဆင်ပြေဖို့မျှော်လင့်ပါတယ်။”

အခုသင်တန်းမှာ ဘာတွေ လေ့လာသင်ယူခဲ့ရလဲဆိုတာကိုလည်း သူမက ပြန်ပြီးတော့ အကျဉ်းချုပ်ပြောပြပါတယ်။

“အခု ဒီသင်တန်းကနေ သင်ယူရရှိခဲ့တာတွေကတော့ အများစုအားဖြင့်ဆိုရင်တော့ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာတွေရယ်၊ နောက်ပြီးတော့ လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေရယ် သင်ယူခဲ့ရပါတယ်။ အရင်တုန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖတ်ဖူးဘူး၊ အခုဒီသင်တန်းတက်တော့ ပိုပြီးဖတ်ရမယ် ပိုပြီးလေ့လာရမယ်လို့ ထင်ပါတယ်။ ဒီကနေ သင်ယူရလိုက်တဲ့ သင်ခန်းစာတွေကိုလည်း ကျမအနေနဲ့ ကိုယ်နေတဲ့နေရာ ရောက်တဲ့အခါ ပြန်လည်မျှဝေဖို့ စဉ်းစားထားပါတယ်။”

“ဒီမိုကရေစီကို ဘယ်လိုနားလည်လေ၊ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ဘယ်လိုတွေးမိလေဆိုတော့ လွတ်လပ်စွာသွားလာနိုင်ရမယ်၊ လွတ်လပ်စွာဆုံးဖြတ်နိုင်ရမယ်၊”

လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လို ကိုယ်စားလှယ်လောင်းကို မဲပေးမလဲဆိုတာကတော့ “အများအားဖြင့် ပြည်သူလူထုအတွက်ကို ဦးစားပေးဆောင်ရွက်တဲ့ ကိုယ်စားလှယ်နဲ့ ပြည်သူတွေရဲ့အခက်အခဲ ကိုဖြေရှင်းပေးနိုင်တဲ့ သူကိုမဲပေးပါမယ်။”

 

ပြီး။