'Support to Electoral Processes and Democracy - STEP Democracy'

Online advocacy သင်တန်းကနေ အရပ်ဖက်အဖွဲ့အစည်းတွေ ဘာတွေလေ့လာခဲ့ကြလဲ

10 July, 2020

ဥရောပသမဂ္ဂရဲ့ ရံပုံငွေအကူအညီနဲ့ ဆောင်ရွက်နေတဲ့ STEP Democracy - ရှေ့သို့မြန်မာရဲ့ အစီအစဉ်တစ်ခုအနေနဲ့ DRI က အွန်လိုင်းအခြေပြုအရေးဆိုတောင်းဆို/စည်းရုံးလှုံ့ဆော်မှုဆိုင်ရာသင်တန်းကိုကျင်းပပြီးတဲ့နောက်မှာ သင်တန်းသားတွေအနေနဲ့ ဘာဗဟုသုတအသစ်တွေရလိုက်လဲ၊ ရရှိလိုက်တဲ့ဗဟုသုတတွေကိုရော သူတို့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချသွားမလဲဆိုတာကို အင်တာဗျူးအကျဉ်းချုပ်လေးမေးဖြစ်ခဲ့ပါတယ်၊၊ ဘာတွေ ဘယ်လိုဖြေသွားကြလဲဆိုတဲ့ အင်တာဗျူးအသေးစိတ်လေးကိုတော့ အောက်မှာ ကြည့်ကြည့်ကြရအောင်။ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အချက်အလက်ကိုအခြေပြုလှုပ်ရှားတဲ့ စည်းရုံးလှုံ့ဆော်မှုတွေအကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့ ပရိတ်သတ်တွေကို ပိုမိုထိရောက်စွာ ပစ်မှတ်ထားနိုင်တဲ့ နည်းစနစ်တွေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ အကြံပေးချက်တွေကိုလည်း မျှဝေဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေကလည်းဒစ်ဂျစ်တယ်စည်းရုံးလှုံ့ဆော်ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေအကြောင်းဆွေးနွေးခဲ့သလို သူတို့အနေနဲ့ သုံးစွဲရလွယ်ကူတဲ့ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးတွေကို ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

 

ကိုဇေယျာမင်း - Myanmar Independent Living Initiative (MILI)

"ကျွန်တော့အနေနဲ့ သင်တန်းက အဓိကရလိုက်တဲ့ ဗဟုသုတတွေကတော့ ဒစ်ဂျစ်တယ်စည်းရုံးလှုံ့ဆော်တဲ့ ဗျူဟာတွေသုံးပြီး ကြည့်ရှုသူတွေကို ဘယ်လိုချိန်ရွယ်နိုင်မလဲ နှင့် ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကိုဘယ်လိုအောင်မြင်အောင်လုပ်နိုင်ကြမလဲ ဆိုတာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံမှ နာမည်ကြီးအွန်လိုင်းကမ်ပိန်းများကိုလည်း ဥပမာများအနေနဲ့ လေ့လာကြည့်ရှုနိုင်ခဲ့ပါတယ်၊၊ ကျွန်တော်လိုချင်တဲ့ ဗဟုသုတတွေရလိုက်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း မဲဆန္ဒရှင်အသိပညာပေးသင်တန်းပေးဖို့ရှိတဲ့အတွက် ယခုသင်တန်းမှ ရရှိလိုက်တဲ့ ဗဟုသုတများဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်းများအကြောင်းကို ကျွန်တော့်အနေနဲ့ ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။"

 

မချစ်စုထွေး - Myanmar Independent Living Initiative (MILI)

"ကျွန်မအနေနဲ့ သင်တန်းမတက်ခင်ကတော့ အွန်လိုင်းပေါ်မှာစည်းရုံးလှုံ့ဆော်ခြင်းက ဒီလောက်အရေးပါမှန်းသတိမထားမိခဲ့ပါဘူး၊၊ သင်တန်းတက်ပီးသွားတဲ့အခါမှာတော့ ဒစ်ဂျစ်တယ်နည်းအားဖြင့်စည်းရုံးလှုံ့ဆော်ခြင်းကဘယ်လောက်အရေးပါလဲဆိုတာကို  နားလည်လာတဲ့အပြင် ပိုစတာများ ရုပ်ပြကာတွန်းများကို ဘယ်လိုဖန်တီးနိုင်မလဲနှင့် အဓိကဆိုရှယ်မီဒီယာပလက်ဖောင်းအနေနဲ့ ဖေ့ဘုတ်ကို အသုံးပြုရာတွင်လည်း အကောင့်ကိုမသုံးဘဲ ပေ့ချ်ကို ဦးစားပေးအနေနဲ့ သုံးသင့်ကြောင်းကို သိရှိနိုင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့အဖွဲ့အစည်းရဲ့ မသန်စွမ်းသည့်သူများကိုပံ့ပိုးအားပေးမယ့် နောင်လာမည့်ကမ်ပိန်းများမှာလည်း ဒီဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတတွေကို ပြန်လည်အသုံးချသွားမှာပါ။"

 

ကိုခူးမီရယ် - Foundation for Education and Development (FED)

"ကျွန်တော့အနေနဲ့ သင်တန်းတက်ပြီးနောက် လေ့လာမိတာတွေကတော့ အွန်လိုင်းအရေးဆိုတောင်းဆို/စည်းရုံးလှုံ့ဆော်ခြင်းက အကျိုးရလဒ်များဖြစ်တဲ့ အဓိကထားချင်တဲ့ ကြည့်ရှုသူတွေကိုပိုမိုရောက်ရှိနိုင်တဲ့အကြောင်း၊ ရိုးရိုးမြေပြင်မှာစည်းရုံးလှုံ့ဆော်တာနဲ့ယှဉ်ရင် အကုန်အကျမများတဲ့အကြောင်းနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ကမ်ပိန်းရလဒ်တွေကို  စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းများကိုလည်းလုပ်နိုင်ကြောင်းလည်းသိရှိလာခဲ့ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံမှ အွန်လိုင်းကမ်ပိန်းများကို ဥပမာများအနေနဲ့ လေ့လာကြည့်ရှုခြင်းအားဖြင့် အသုံးပြုသင့်တဲ့ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ အွန်လိုင်းစည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ အကြံပေးချက်တွေကိုလည်းလေ့လာသိရှိခဲ့ပါတယ်။  ကျွန်တော့အနေနဲ့ ဆက်စပ်ပြီးတော့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာလုံခြုံရေးရာကိစ္စများကိုလည်း ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို လေ့လာချင်ပါသေးတယ်။"