'Support to Electoral Processes and Democracy - STEP Democracy'

သတင်းထုတ်ပြန်ချက် - ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အမုန်းစကားများနှင့် သတင်းအချက်အလက် အမှားများကို တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအကြောင်း နိုင်ငံရေးပါတီများနှင့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေး

08 November, 2019

သတင်းထုတ်ပြန်ချက်

ရန်ကုန်၊ (၈) ရက်၊ နိုဝင်ဘာလ၊ ၂၀၁၉ ခုနှစ်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အမုန်းစကားများနှင့် သတင်းအချက်အလက် အမှားများကို တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအကြောင်း နိုင်ငံရေးပါတီများနှင့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေး

 

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများအတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ် အဖြစ် မြန်မာလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများသည် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် တွေ့ဆုံ၍ အမုန်းစကားနှင့် သတင်း အချက်အလက်အမှားများ ဖြန့်ဝေခြင်းနှင့် စပ်လျဉ်းပြီး တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအကြောင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လူမှုကွန်ရက်၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များ နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်ရန်၊ မဲဆွယ်သတင်းစကားများကို ဖြန့်ဝေရန်နှင့် လူထုထောက်ခံမှုကို ရယူနိုင်ရန် အစရှိ သော ရည်ရွယ်ချက်များ ဖြင့် လူမှုကွန်ရက်ကို အသုံးပြုလာကြမည်ဖြစ်ပါသည်။ အသုံးပြုသူ ၂၁ သန်းခန့်ဖြင့် ဖေ့စ်ဘွတ်ခ် သည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးလူမှုကွန်ရက်အဝန်းအဝိုင်းတစ်ခု ဖြစ်လာသည့်အပြင် နိုင်ငံရေးပါတီများကလည်း ယင်းတို့ကို ထောက်ခံသည့် လူထုနှင့် သတင်းအချက်အလက်များ ဝေမျှနိုင်ရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ဖွင့်လှစ်၍ တက်ကြွစွာ အသုံးပြုလာကြလျက် ရှိပါသည်။ ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ထင်ရှားလူသုံးများမှုကြောင့် ပင် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖေ့စ်ဘွတ်ခ်သည် မဲဆန္ဒရှင်များအတွက် အဓိကကျသော သတင်းအချက်အလက်ရင်းမြစ်တစ်ခု ဖြစ်လာပါ လိမ့်မည်။

ထိုနည်းတူစွာ ဖေ့စ်ဘွတ်ခ်ကို သတင်းအချက်အလက်အမှားများ ဖြန့်ဝေရန်၊ အမုန်းစကားများနှင့် ရုန့်ရင်း ကြမ်းတမ်းသော အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများ ဖြန့်ဝေရန်အတွက်လည်း အသုံးပြုကြလျက်ရှိပါသည်။ ရွေးကောက်ပွဲများ၏ အဓိက ဇာတ်ကောင်များဖြစ်သည့် နိုင်ငံရေးပါတီများသည် ယင်းတို့၏ မဲဆွယ်စည်းရုံးမှုများတွင် ဖေ့စ်ဘွတ်ခ်ကို ထိရောက်စွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာ များ ပြည့်ဝနေရမည်ဖြစ်ပါသည်။

အဆိုပါအကြောင်းအချက်များကို အရင်းတည်၍ ဥရောပသမဂ္ဂ (European Union) ၏ ငွေကြေးထောက်ပံ့မှု ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသာ “ရှေ့သို့မြန်မာ စီမံကိန်း (STEP Democracy)” သည် ရွေးကောက်ပွဲများ တွင် လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများ နှင့် ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ၊ ၆ ရက်မှ ၈ ရက်ထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား မဲဆန္ဒရှင်များ နှင့် ထိရောက်စွာ ချိတ်ဆက်နိုင်မည့် နည်းနာများကို ဝေမျှခဲ့သည့်အပြင် အရေးပါသော ခေါင်းစဉ်များဖြစ်သည့် ဒစ်ဂျစ်တယ်လုံခြုံမှု၊ ဖေ့စ်ဘွတ်ခ်၏ လူမှုကွန်ရက်နှုန်းစံများ၊ အမုန်းစကားများအတွက် တိုင်ကြားနိုင်မည့် နည်းလမ်းများ အစရှိသည်တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

“ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးခွင့်ရလိုက်တာ အင်မတန်ကောင်းပါ တယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်ပြီး နည်းစနစ်ကျကျ နားလည်သဘောပေါက်မှုအားနည်းနေသေးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို သူတို့နဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရလိုက်တာပေါ့” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ဦးက သူ့အမြင်ကို ပြောပြခဲ့သလို အခြားတစ်ဦးကလည်း “လူမှုကွန်ရက်ကနေ ဘယ်လိုမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ လုပ်လို့ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အများကြီး လေ့လာခွင့်ရလိုက်တယ်။ ဒါပေမဲ့ အမုန်းစကားတွေ၊ သတင်းအတုတွေ၊ အချက်အလက်အမှားတွေကို ဘယ်လို တုံ့ပြန်ဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တွေဟာ ဖေ့စ်ဘွတ်ခ်ရယ်၊ အခြားသက်ဆိုင်သူတွေရယ်နဲ့ အတူလက်တွဲဆောင်ရွက်ကြဖို့ လိုအပ်သေးတယ်” ဟု သူ့အမြင်ကို ဝေမျှ ခဲ့ပါသည်။

“အခုဆိုရင် ကျမတို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီအနေနဲ့ ကမ္ဘာတစ်ဝှမ်း ကျမတို့ ပံ့ပိုးကူညီခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို အခြေခံပြီး လာမဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပါပြီ။ မြန်မာနိုင်ငံမှာ ဆိုရင် ကျမတို့ဟာ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) လိုအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ဖေ့စ်ဘွတ်ခ်ကို နည်းစနစ်တကျအသုံးပြုနိုင်အောင်၊ မဲဆန္ဒရှင်တွေကို ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် လုံခြုံမှုနဲ့ တာဝန်ခံမှုရှိစွာ ချိတ်ဆက်နိုင်အောင် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်” ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ ကိုယ်စားလှယ် ရီဘက်ကာအို့က ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲ၏ ဒုတိယနေ့နှင့် တတိယနေ့များတွင် ဒီအိုင်ပီဒီနှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့သည် နိုင်ငံရေး ပါတီများအား လူမှုကွန်ရက်ကိုအသုံးပြု၍ မဲဆွယ်စည်းရုံးရေးမဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှခဲ့ကြပါသည်။ ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် ထိရောက်ပြီး ဆွဲဆောင်မှုရှိသော သတင်းအချက်အလက်များ ရေးသား ဖြန့်ဝေနိုင်ရန် လိုအပ်ချက်များနှင့် ပါတီတစ်ရပ်ရပ်၊ ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို ဦးတည်သော သတင်းအချက် အလက်အမှားများကို တုံ့ပြန်ဖြေရှင်းရန် လက်တွေ့နည်းနာများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

“ဖေ့စ်ဘွတ်ခ်ဟာ လူငယ်တွေအကြား အင်မတန် ရေပန်းစားတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်တာနဲ့အညီ ရှေ့သို့ မြန်မာ စီမံကိန်း (STEP Democracy) နဲ့ ဒီအိုင်ပီဒီဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ ကိုယ်စားလှယ်လောင်း တွေ၊ မဲဆွယ်စည်းရုံးရေးမန်နေဂျာတွေနဲ့တင် ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘဲ ပါတီလူငယ်အဖွဲ့တွေအတွက်လည်း လူမှု ကွန်ရက်ပေါ်ကတစ်ဆင့် မဲဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်ပြီး နည်းပညာတွေ၊ စိန်ခေါ်မှုတွေအကြောင်း လေ့လာဆွေးနွေး ခွင့်ရအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ မြန်မာနိုင်ငံရုံး၏ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး မိုက်ကယ်ဆီဂနာက နိဂုံးချုပ်ဆွေးနွေးခဲ့ပါသည်။

ထပ်မံသိရှိလိုသော သတင်းအချက်အလက်များအတွက် အောက်ဖော်ပြပါ ဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်းနိုင် ပါသည်။

ဦးဝေမိုးနိုင်၊ ၀၉ ၇၉၁၆ ၃၉ ၇၆၂ (မြန်မာဘာသာစကား)

မစ္စတာ မိုက်ကယ်ဆီဂနာ၊ ၀၉ ၄၂၀၀ ၉၉၉ ၇၀ (အင်္ဂလိပ်ဘာသာစကား)

နောက်ခံအကြောင်းအရာ

ဥရောပသမဂ္ဂ (European Union) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ရှေ့သို့မြန်မာစီမံကိန်း (STEP Democracy) သည် အားလုံးပါဝင်မှုရှိပြီး အေးချမ်းတည်ငြိမ်ကာ ယုံကြည်လက်ခံနိုင်ဖွယ် ရွေးကောက်ပွဲဖြစ်စဉ် များအတွက် ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ ခိုင်မာအားကောင်းစေရေးအတွက် ရွေးကောက်ပွဲ တွင် အဓိကကျသောအင်အားစုများ၏ စွမ်းဆောင်ရည်မြင့်တက်လာစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။

ယခုသုံးရက်တာဆွေးနွေးပွဲကို ရှေ့သို့မြန်မာစီမံကိန်း (STEP Democracy) ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သော ပါတီများနှင့် ဒီမိုကရေစီ ဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (Danish Institute for Parties & Democracy - DIPD) သည် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့ (Myanma Fifth Estate) နှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ထပ်မံသိရှိလိုသော အချက်အလက်များအတွက် http://stepdemocracy.eu/. ထံ သွားရောက်လေ့လာနိုင်ပါ သည်။