'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ခံ စည်ပင်သာယာ ကော်မတီဝင် အမျိုးသမီးများ၏ ကွန်ယက်သစ်တစ်ခုကို STEP Democracy - ရှေ့သို့မြန်မာမှ ထောက်ပံ့ကူညီပေး

25 November, 2019

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲကို အသက်ပြည့်သူတိုင်း မဲပေးခွင့်ရသူပုံစံဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ဉီးရေ ၂၃၃ ဉီးရှိခဲ့ရာတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၄၄ဉီးလည်း ပါဝင်ခဲ့သည်။ ရန်ကုန်စည်ပင်သာယာ အဆင့်ဆင့်ကော်မတီများတွင် ကော်မတီအဖွဲ့ဝင် စုစုပေါင်း ၇၉ဉီး လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့်အထဲတွင် အမျိုးသမီး ၂၆ဉီးသည်လည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။

ဒေသန္တရအစိုးရတွင် အမျိုးသမီးများအား အားဖြည့်ပေးခြင်းသည် မူဝါဒချမှတ်ခြင်းအဆင့်အားလုံးတွင် အမျိုးသမီးများအား တန်းတူညီမျှပါ၀င်မှုကို အထောက်အကူပြုသောကြောင့် ဉရောပသမဂ္ဂ၏ အကူအညီဖြင့်လုပ်ဆောင်နေသော STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်သည် ရွေးကောက်ခံအမျိုးသမီးများ၏ ကျွမ်းကျင်မှု၊ ဗဟုသုတနှင့် ကွန်ယက်များ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံ၍ ဆက်လက်ထောက်ပံ့လျှက်ရှိသည်။

ဤထောက်ပံ့ပေးမှုကို ဆက်လက် လုပ်ဆောင်သည့်အနေဖြင့် နို ၀ င်ဘာ ၂ရက်နေ့မှ ၄ရက်နေ့အထိ အဆိုပါ ရန်ကုန်စည်ပင်သာယာ ကော်မတီဝင် အမျိုးသမီးများအတွက် ရည်ရွယ်ပြီး သင်တန်းတစ်ခု ပြုလုပ်ပေးခဲ့သည်။ သင်တန်းတွင် တက်ရောက်သူများက စည်ပင်သာယာ ဥပဒေနှင့် ဘတ်ဂျက်ဆိုင်ရာဗဟုသုတများ၊ လူထုနှင့် ထိတွေ့မှုဆိုင်ရာ စွမ်းရည်မြင့်တင်မှုအပိုင်းများကို အတူတကွ စုရုံးပြီး လေ့လာခဲ့ကြသည်။

"ဒီဆွေးနွေးပွဲ တက်ရတာ အားတော်တော်ရှိလာတယ်။ ဒီနယ်ပယ်မှာ အခုမှ အသစ်ဖြစ်တာတစ်ကြောင်း၊ ဥပဒေတွေအကြောင်း နားလည်မှုနည်းတာကတစ်ကြောင်း စသဖြင့် ပေါ့။ အခုတော့ အားရှိလာတယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း တက်လာတယ် လို့ ပြောရမယ်၊ ရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့ စည်ပင်ကိစ္စတွေကို လုပ်ရာမှာ ပိုပြီး ထိရောက်လာမယ်လို့ မျှော်လင့်တယ်” ဟု အမျိုးသမီး ကော်မတီဝင်တစ်ဉီးက ဆိုသည်။

စစ်တမ်းရလဒ်များအရ အမျိုးသမီးစည်ပင်သာယာအဖွဲ့၀င်များသည် အများပြည်သူနှင့် စကားပြောဆိုခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ် ဆိုင်ရာ ဗဟုသုတများ လိုအပ်ပြီး အမျိုးသမီးများအကြား သို့မဟုတ် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်များအကြား ထိရောက်သော ဆက်သွယ်မှုရရှိရန် အမျိုးသမီးကွန်ယက်များ လိုအပ်ပါသည်။

ယခုသင်တန်းအပြီးမှာ တက်ရောက်လာသည့် အမျိုးသမီး ကော်မတီဝင်များသည် အတူတကွလုပ်ဆောင်နိုင်ရန်နှင့် အရေးကြီးသော အခန်းကဏ္ဍများတွင် တစ်ဉီးကိုတစ်ဉီး ကူညီထောက်ပံ့ပေးမည့် ကွန်ယက်တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ အသစ်ဖွဲ့စည်းခဲ့သော ကွန်ယက်အနေဖြင့် ပုံမှန်တွေ့ဆုံမှုများကို ပြုလုပ်သွားကြမည်ဖြစ်ပြီး STEP Democracy အစီအစဉ်မှတစ်ဆင့် နည်းပညာဆိုင်ရာလေ့ကျင့်မှုနှင့် အကြံဥာဏ်များရယူသွားကြမည် ဖြစ်သည်။