'Support to Electoral Processes and Democracy - STEP Democracy'

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နှုတ်ချက်များ

07 February, 2020

နေပြည်တော်တွင်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တစ်လလျှင် ၂ပတ်တစ်ကြိမ်စီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မီဒီယာသမားများနှင့်တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွေကို ပုံမှန်ပြုလုပ်လျှက်ရှိပါသည်။

ဖေဖော်ဝါရီလ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၆ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ပြောကြားချက်များ၊ အမေး အဖြေကဏ္ဍတွေထဲက အချက်အလက်တချို့ကို STEP Democracy မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ဖေဖော်ဝါရီလ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၂၀ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရပါသည်။

 

နိုင်ငံရေးပါတီများ အခြေအနေ

ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း (၁၀၀) ၀န်းကျင်ရှိသည်။

၉၉ ပါတီမှတ်ပုံတင်ခွင့်ကျပြီးဖြစ်ပြီး ၃ ပါတီကို ယာယီရပ်ဆိုင်းထားသည်။

၃ ပါတီသည် ပါတီတည်ထောင်ခွင့် စီစစ်ဆဲဖြစ်သည်၊ ၂ ပါတီက ပါတီမှတ်ပုံတင်ခွင့် စီစစ်ဆဲအနေအထားဖြစ်သည်။

“နိုင်ငံရေးပါတီ ၁၀၀ ကျော်လောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ဖြစ်မယ်လို့ ယူဆပါတယ်။ အပြီးသတ်ဆောင်ရွက်ဖို့က ပြည်ထဲရေး လဝကကို စီစစ်ဖို့တင်ပြပါတယ်။ ပါတီမှတ်ပုံတင်ခြင်းတွင် အလံတံဆိပ်ကြေငြာမှုတွေ ပြုလုပ်ပါတယ်၊ ပြည်ထဲရေးကို ပြန်ပို့တယ်။ အချိန်မှီဆောင်ရွက်မယ်လို့ ယူဆထားပါတယ်။ ရွေးကောက်ပွဲ ကာလနဲ့က ဝေးသေးပါတယ်။ အချိန်မှီ စီစစ်နိုင်အောင် နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

 

သတင်းတု၊ သတင်းမှား ကိစ္စ

“အစီအစဉ်ချမှတ်ပြီး စီစစ်နေပါတယ်။ သတင်းတု၊ သတင်းမှား၊ သက်ဆိုင်ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာပါ။”

“Facebook နဲ့ ပတ်သက်ပြီး ကြီးကြပ်ရေး စီစစ်ရေးအဖွဲ့ဖွဲ့စည်းထားပါတယ်။ Facebook က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးဖြစ်ပါတယ်။ Facebook က တာဝန်ရှိတဲ့သူနဲ့ ညှိနှိုင်းပြီး အမုန်းစကားအဓိပ္ပာယ်ကဘာလဲဆိုတာ စီစစ်ပြီးတော့ ပယ်ဖျက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ မကြာခင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

 

တပ်တွင်းမဲရုံကိစ္စ

"တပ်တွင်းမှာက၊ တပ်မှာက လုံခြုံရေး အနေထားအရ ရှိတာပေါ့နော်။ ဒီထဲမှာ သွားပြီးတော့ မဲဆွယ်စည်းရုံးဖို့ကတော့ မဖြစ်နိုင်ဘူး ပေါ့နော်"

၂ဝ၂ဝ ပြည့်နှစ်တွင် တပ်မဲရုံအဖြစ် ဆောင်ရွက်ရန် အကြမ်းမျဉ်း လျာထားချက်အရ တပ်မဲရုံ သီးသန့် (၆၀၀)ကျော်၊ ရပ်ကျေးနှင့် ပူးတွဲ ပြုလုပ်သည့် မဲရုံ (၄၀၀) နီးလောက်ရှိကြောင်းသိရသည်။

 

နိုင်ငံရေးပါတီဝင်တချို့က နိုင်ငံရေးပါတီတစ်ခုထက်မက ပါဝင်နေခြင်းကို မေးမြန်းလာမှုအပေါ်

“နိုင်ငံရေးပါတီဝင်တစ်ယောက်ထဲက ၂ ပါတီဝင်လို့မရဘူး။ ဝင်ရောက်လာတဲ့သူတွေက ပါတီတည်ထောင်သူတွေပါလာရင် အရင်ပါတီကနေ နှုတ်ထွက်ပြီးကြောင်း အထောက်အထားနှင့်တကွ တင်ပြလာဖို့လိုအပ်ပါတယ်။ ပါတီဝင်တွေထပ်နေခြင်းမရှိအောင်စီစစ်ပါတယ်။ ထပ်နေတာတော့ မတွေ့ပါဘူး။”

 

တပ်မတော်ကိစ္စမဲရုံပတ်သက်လို့ နည်းဥပဒေအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးမြင့်နိုင်ပြောကြားချက်

“ဥပဒေပြုတာနဲ့ နည်းဥပဒေက ကွာခြားပါတယ်။ သက်ဆိုင်ရာလွတ်တော်တွေက ဥပဒေပြုကြပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက နည်းဥပဒေကို ပြုကြပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုနိုင်တယ်ဆိုပြီးအပ်နှင်းထားပါတယ်။ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ြငါစာအမိန့်များကို ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့်နေ့ကစပြီး ဆောင်ရွက်လို့ရပါတယ်။ သက်ဆိုင်ရာက နည်းဥပဒေတွေကိုထုတ်ပြန်ပြီး လွှတ်တော်ကို တင်ပြပါတယ်။ လွှတ်တော်ကလည်း ပြင်ဆင်နိုင်တယ်ဆိုတော့ ပြင်ဆင်ရန် သင့်မသင့် ဆောင်ရွက်နေပါတယ်။ မပြင်ဆင်ရင်လည်း ဒီအတိုင်းပဲထုတ်ပြန်ကြောငြာသွားမှာပါ။ ပြင်ဆင်ရင်လည်း ပြင်ဆင်ထားတဲ့အတိုင်းထုတ်ပြန်သွားဖို့ရှိပါတယ်။ မပြင်ဆင်ရင်လည်း မပြင်ဆင်ထားတဲ့အတိုင်းထုတ်ပြန်သွားမှာပါ။”

 

ပြည်သူ့လွတ်တော်မဲဆန္ဒနယ်နှင့်ပတ်သက်ပြီး ပြောကြားချက်

တစ်နိုင်ငံလုံး မဲဆန္ဒနယ် ၃၃၀ ရှိကြောင်းသိရသည်။

“ဆိပ်ကမ်းမြို့ မဲဆန္ဒနယ်ကို ပယ်ဖျက်ပြီး လှိုင်သာယာကို မဲဆန္ဒနယ်၂ ခုခွဲပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။”

 

အရပ်ဘက်အဖွဲ့အစည်း CSOများ ပတ်သက်ပြီး ပြောကြားချက်

“အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေမှန်သမျှ လိုအပ်တာမှန်သမျှကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လိုအပ်တာအကုန်ပေးပါ့မယ်။ ဥပဒေဘောင်အတွင်းကဆိုရင် အကုန်လုံးကို လုပ်ပေးမယ်။ ကော်မရှင်ကိုလည်း လာတွေ့လို့ရပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဘက်ကလည်း လုပ်ဆောင်မည့် လုပ်ငန်းများကို ကော်မရှင်ကို ကြိုတင်အသိပေးသွားလို့ရပါတယ်။ အချိန်မရွေးလာခဲ့ပါ။ လိုချင်တာြဖစ်စေရမယ်။ ဥပဒေဘောင်အတွင်းကနေ အကုန်လုပ်ပေးပါ့မယ်။”