'Support to Electoral Processes and Democracy - STEP Democracy'

ပဒေသာစုံယဉ်ကျေးမှု (ဗဟုဝါဒ)နှင့် အထွေထွေရွေးကောက်ပွဲများအကြောင်း ဆွေးနွေးပွဲ၏ ရလာဒ်တွေက ဘာတွေလဲ

18 February, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးပါတီများ နှင့် ရွေးကောက်ပွဲဆိုင်ရာသက်ဆိုင်ကြသူများသည် မဲဆန္ဒရှင်များရဲ့ထောက်ခံမှုတွေကို ရရှိဖို့အတွက် ယဉ်ကျေးမှုနှင့် ဘာသာရေးမတူကွဲပြားမှုများကို ခြိမ်းခြောက်မှုတစ်ခုသဖွယ်ဖော်ပြထားသည့် မဲဆွယ်စည်းရုံးရေးသတင်းများကိုအသုံးချကာ အမျိုးသားရေး ဘက်ကွဲမှုတွေ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် ရွေးကောက်ပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေပါသည်။

ပဒေသာစုံယဉ်ကျေးမှု (ဗဟုဝါဒ)ကို မြှင့်တင်နိုင်မည့်နည်းလမ်းများ၊ ပဋိပက္ခများကိုရေရှည် တည်တံ့စွာ အသွင်ပြောင်းစေရန် ပဒေသာစုံယဉ်ကျေးမှု (ဗဟုဝါဒ) နှင့် နိုင်ငံတည်ထောင်ခြင်းသည် မည်ကဲ့သို့ ချိတ်ဆက်ကာလုပ်ဆောင်နိုင်သည်ကိုဆွေးနွေးကြရန်ရည်ရွယ်၍ STEP Democracy ၏ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Democracy Reporting International (DRI) နှင့် Mosaic Myanmar တို့ ပူးပေါင်းကာ ပဒေသာစုံယဉ်ကျေးမှု (ဗဟုဝါဒ) နှင့် အထွေထွေရွေးကောက်ပွဲများ စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ပထမအပတ်၌ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တက်ရောက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်း များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် တို့တွင် မတူကွဲပြားမှုများကို မည်ကဲ့သို့ထည့်သွင်းစဉ်းစားနိုင်သည်ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင်တက်ရောက်လာကြသူများကနိုင်ငံသားဖြစ်မှုအရေးကိစ္စသည် မတူကွဲပြားမှုများကိုအသိအမှတ်ပြုခြင်း၌ အရေးကြီးကြောင်း၊ ကျောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းများဖြင့်ပညာပေးခြင်း သို့မဟုတ် သမားရိုးကျမဟုတ်သော ပညာပေးခြင်းမျိုးသည် မတူကွဲပြားသောသမိုင်း၊ လူမျိုးများနှင့်ဘာသာရေးများကို တိုးမြှင့်ရာတွင် အရေးကြီးကြောင်း အကြံပေးဆွေးနွေးခဲ့ကြသည်။

"ကျွန်မဒီပွဲကို လာတက်ရောက်ရခြင်းရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးမှာ အထောက်အကူပြုစေနိုင်မည့် အသံတွေကို နားထောင်ချင်လို့ လာတာပါ။ ဖက်ဒရယ်လစ်ဇင်လမ်းစဉ်နဲ့ ပြည်နယ်တွေကို ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိခြင်းက ပဒေသာစုံယဉ်ကျေးမှုကိုဖော်ဆောင်ဖို့ အကောင်းဆုံးလမ်းစဉ်ပဲဖြစ်တယ်လို့ ကျွန်မထင်ပါတယ်" ဟု တက်ရောက်လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးက ပြောဆိုသည်။

ပွဲအပြီးအွန်လိုင်းအကဲဖြတ်ရလဒ်များအရ တက်ရောက်လာသူ ၉၀ ရာခိုင်နှုန်းက ယခုပွဲ၏ဆွေးနွေးသည့်အကြောင်းအရာများသည် သူတို့အဖွဲ့အစည်းများ၏ လုပ်ငန်းများအတွက်အကူအညီဖြစ်ကြောင်း၊ ၅၅ ရာခိုင်နှုန်းက ပဒေသာစုံယဉ်ကျေးမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းများတွင် အရေးကြီးတာကိုသတိထားမိလာကြောင်း၊ ၆၀ ရာခိုင်နှုန်းက နောင်တွင် နိုင်ငံရေးဆိုင်ရာပဒေသာစုံယဉ်ကျေးမှုကိုဆွေးနွေးလိုကြောင်းနှင့် ၃၀ ရာခိုင်နှုန်းက ပဒေသာစုံယဉ်ကျေးမှုကို ဥပဒေမူဘောင်အတွင်းတွင် ဆွေးနွေးလိုကြောင်း ဖြေဆိုခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် ပဒေသာစုံယဉ်ကျေးမှုကိုမြှင့်တင်နိုင်မည့်နည်းလမ်းများဆိုင်ရာဆွေးနွေးပွဲများကို နိုင်ငံရေးဆိုင်ရာပါဝင်ပတ်သက်သူများနှင့်အတူ ဆက်လက်ပြုလုပ်သွားမည့်အပြင် ပဒေသာစုံယဉ်ကျေးမှုဆိုင်ရာလက်ဆွဲစာအုပ်ကို မကြာမီတွင် ဖြန့်ဖြူးထုတ်ဝေသွားမည်ဖြစ်သည်။