'Support to Electoral Processes and Democracy - STEP Democracy'

ကယားပြည်နယ်ရှိ နိုင်ငံရေးပါတီများနှင့် ကယား ရွေးကော်ခွဲတို့အကြား စကားဝိုင်းဆွေးနွေးပွဲ

25 February, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရေးအတွက် ပတ်သက်ဆက်နွှယ်သူများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေး သည် အ‌ရေးပါလှပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့ထားသည့် ရှေ့သို့မြန်မာစီမံကိန်း သည် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုတစ်ရပ်အဖြစ် ကယားပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီများနှင့် ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့အကြား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၊ (၁၄) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ လွတ်လပ်မျှတမှုတို့သည် ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ရွေးကောက်ပွဲဖြစ်စဉ် အတွင်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးကြောင်း အစရှိသဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်နေမှု၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးခြင်း၊ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများ၊ မဲဆန္ဒရှင် အသိပညာပေးခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အပြန်အလှန် မေးမြန်း ရှင်းလင်းဆွေးနွေးခွင့် ရရှိခဲ့ကြသည်။

ယနေ့ခေတ်သည် နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်အလျောက် လူမှုကွန်ရက်များမှတစ်ဆင့် မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို နိုင်ငံရေးပါတီဝင်များ နားလည်သဘောပေါက် ရန် အလွန်ပင် လိုအပ်သည်။  မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်ပင် လူမှုကွန်ရက်ကို ပုံမှန်အသုံးပြုသူ ဦးရေမှာ (၂၁) သန်းခန့်ရှိရာ နိုင်ငံရေးပါတီများအနေဖြင့် လူမှုကွန်ရက်ကို အသုံးပြု၍ မဲဆန္ဒရှင်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် ပိုမိုလေ့လာပြင်ဆင်ရန် မဖြစ်မနေလိုအပ်ပသည်။ ယခုဆွေးနွေးပွဲတွင် လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာမဟာဗျူဟာတစ်ရပ် ချမှတ်ကျင့်သုံးနိုင်ခြင်း၏ အရေးပါမှုအခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး ကျေလည်စွာ ဆွေးနွေးဖလှယ်နိုင်ခဲ့ကြပါသည်။ ထို့အပြင် နိုင်ငံရေးပါတီဝင်များအား ဖေ့စ်ဘွတ်လူမှုကွန်ရက်၏ ပွင့်လင်းမြင်သာမှုနှင့် လူမှုနှုန်းစံများအကြောင်းကိုလည်း ဝေမျှခဲ့သည်။

ထို့ပြင် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ လူ့ကျင့်ဝတ်အရ လက်သင့်မခံနိုင်ဖွယ် ပြောဆို ရေးသားတင်ပြမှုများကို တိုင်ကြားခြင်း၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း အစရှိသော လူမှုကွန်ရက်နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၏ စိုးရိမ်မှုများ၊ သံသယများကိုလည်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အပြန်အလှန် ရှင်းလင်းခွင့်ရရှိခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကယန်းအမျိုးသားပါတီမှ မနန်းဝေဝေထွန်းက နိုင်ငံရေး ပါတီများအနေဖြင့် လူမှုကွန်ရက်အကြောင်း ပိုမိုလေ့လာသိရှိခွင့်ရခဲ့ပြီး ရွေးကောက်ပွဲတွင် လူမှုကွန်ရက်၏ အရေးပါသော အခန်းကဏ္ဍအကြောင်း နားလည်ခွင့်ရလိုက်သည်ဟု ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍ သူ့အမြင်ကို ဝေမျှခဲ့သည်။

“ဖေ့စ်ဘွတ်ခ်က လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တယ်။ ဒီဆွေး‌နွေးပွဲကနေပြီးတော့ ရွေးကောက်ပွဲကာလမှာ ကျမတို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ကို အကျိုးရှိရှိ ဘယ်လိုအသုံးပြု မလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ အများကြီး တိုးပွားခဲ့တယ်။ ဒီ့ထက်ပိုပြီးတော့လည်း ထပ်လေ့လာခွင့် ရနိုင်ရင် ပိုကောင်းမယ်။”

ယေဘုယျအားဖြင့် ယခုဆွေးနွေးပွဲသည် ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ အရေးကြီးသော အကြောင်းအရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးမှုများပြုလုပ်နိုင်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်စေခဲ့သည်။

“ဒီဆွေးနွေးပွဲက ၂၀၂၀ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပါတီတွေနဲ့ ကော်မရှင်အကြား နားလည်မှုတည်ဆောက်မှုဖို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖန်တီးပေးလိုက်တာ ပါပဲ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမတိုင်မီကာလလောက်မှာ ဒါမျိုး နောက်ထပ်တစ်ကြိမ် တွေ့ဆုံခွင့်ရရင်လဲ ပိုကောင်းမယ်လို့ ယူဆပါတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။

STEP Democracy - ရှေ့သို့မြန်မာ၏ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ဒီအိုင်ပီဒီ အနေဖြင့် ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံပွဲများကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်သည်။