'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲစနစ် အမျိုးအစားများ

07 May, 2020

နိုင်ငံတကာတွင် ကျင့်သုံးသော ရွေးကောက်ပွဲ စနစ်များကို အောက်ပါတိုင်း အုပ်စု(၃)စု ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ -

(၁) ဗဟု/အများစု အနိုင်ရသည့် စနစ်အုပ်စု (Plurality System/ Majority System)

(၂) အချိုးကျကိုယ်စားပြုသည့်စနစ်အုပ်စု (Proportional Representation System – PR)

(၃) အထက်ပါ ရွေးကောက်ပွဲစနစ် နှစ်မျိုးအား ရောပြွန်းကျင့်သုံးသည့်စနစ် (Semi-PR or Mixed System) တို့ဖြစ်သည်။

 

(၁) ဗဟု/အများစု အနိုင်ရသည့်စနစ်အုပ်စု (Plurality System/ Majority System)

ဗဟု/အများစုအနိုင်ရသည့်စနစ်တွင် မဲအများစု ရရှိသောပါတီ (သို့) ကိုယ်စားလှယ်လောင်းများကို အောင်နိုင်သူဟု သတ်မှတ်သည်။ အထက်ပါရွေးကေက်ပွဲစနစ်အုပ်စုတွင် အောက်ပါ ရွေးကောက်ပွဲစနစ်များပါဝင်ပါသည်။ ၎င်းတို့မှာ -

(က) အနိုင်ရသူအကုန်ယူစနစ် (FPTP – First Past The Post)

(ခ) ကိုယ်စားလှယ်အများအပြားအား ကိုယ်စားပြုသည့်လူဉီးရေးပမာဏ အချိုးအစားအရ မဲပေးသော ရွေးကောက်ပွဲစနစ် Block Vote (BV)

(အဆိုပါ စနစ်နှစ်မျိုးသည် အများစုးအနိုင်ရသည့်စနစ် (Plurality System) များဖြစ်သည်။ ရွေးချယ် ခံရသည့် ကိုယ်စားလှယ်သည် မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်ထောက်ခံမဲ ရစရာမလိုဘဲ မဲအများဆုံးရရှိသူသာ ဖြစ်ဖို့လိုအပ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုသော စနစ်မှာ FPTP စနစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲဉပဒေတွင် မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ယောက် တစ်ယောက်ရွေးချယ်မည်ဖြစ်ကြောင့်သာ ပြဌာန်းထားပြီး အဆိုပါ ကိုယ်စားလှယ်သည် မဲဆန္ဒရှင်ထက်ဝက်ကျော်၏ ထောက်ခံမဲရရမည်ဟု ပြဌာန်းထားခြင်းမရှိပါ။ မဲဆန္ဒနယ်တစ်နယ်လျှင် တစ်ယောက်သာ ရွေးချယ်မည်ဟု သတ်မှတ်ထားသဖြင့် FPTP စနစ်အား ကျင့်သုံးထာသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။)

(ဂ) မဲအရေအတွက် ၅၀ ရာခိုင်နှုန်း မကျော်လျှင် နောက်ထပ်တစ်ကြိမ် မဲပေးရသော နှစ်ကျော့ပြိုင်စနစ် (Two Rounds)

(ဃ) မိမိနှစ်သက်ဆုံး ကိုယ်စားလှယ်လောင်း တစ်ဉီးမကကို အစဉ်လိုက်ရွေးချယ်၍ ဦးစားပေးအစဉ်လိုက်မဲပေးရသည့် စနစ် (Alternative Vote) ဟူ၍ (၄) မျိုးခွဲခြားနိုင်ပါသည်။

(အထက်ပါ စနစ်နှစ်မျိုးသည် ထက်ဝက်ကျော်မဲရရှိမှ အနိုင်ရရှိသော စနစ်များဖြစ်ကြသည်။ Majority System တွင် ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းအနေဖြင့် မဲပေးသူများ၏ ထက်ဝက်ကျော် ထောက်ခံမဲရှိမှ ရွေးကောက်ခံရမည်ဖြစ်သည်။ ဤရွေးကောက်ပွဲ စနစ်များအား သမ္မတရွေးချယ်ရာတွင် အသုံးပြုလေ့ရှိကြသည်။)

 

(၂) အချိုးကျကိုယ်စားပြုသည့်စနစ် (PR – Proportional Representation System)

ပါတီတစ်ခုမှ ရရှိသော မဲများနှင့် လျော်ညီစွာ ဉပဒေပြုလွှတ်တော်တွင် နေရာများချပေးနိုင်ရန် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ မဲဆန္ဒနယ်တစ်ခုတွင် ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက်တင်မြှောက်ခံရမည် ဖြစ်သည်။

အချိုးကျ ကိုယ်စားပြုသည့်စနစ်အုပ်စုအော်ကတွင် အောက်ပါရွေးကောက်ပွဲစနစ်ခွဲများ ပါဝင်သည်။ ၎င်းတို့မှာ -

(က) စာရင်းလိုက်မဲပေး၍ အချိုးကျကိုယ်စားပြုသည့် စနစ် (List Proportional Representation)

(ခ) ရွေးကေက်ပွဲစနစ်ရောနှောကျင့်သုံးသည့် အချိုးကျ ကိုယ်စားပြုသည့်စနစ် (MMP – Mixed Member Proportional)

(ဂ) လွှဲပြောင်း၍ရသော တစ်မဲပေးစနစ် (STV – Single Transferable Vote)

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဆွေးနွေးခဲ့ကြသော PR စနစ်သည် အတိအကျဆိုရလျှင် စာရင်းလိုက်မဲပေး၍ အချိုးကျကိုယ်စားပြုသည့်စနစ် (List Proportional Representation) ကို ပြောဆိုနေခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါစနစ်တွင်လည်း - (Closed List PR) နှင့် (Opened List PR) ဟူ၍ ထပ်မံခွဲခြားထားပါသေးသည်။

အထက်ပါစနစ်များ၏ ထူးခြားချက်မှာ ကိုယ်စားပြုမှုအား ခွဲဝေရန် တွက်ချက်နည်းစနစ်မျးာကို အသုံးပြုခြင်းဖြစ်သည်။

 

(၃) ရောနှောသုံးသည့်စနစ် (Mixed System)

ရောနှောသုံးသည့်စနစ် (Mixed System) ရွေးကောက်ပွဲစနစ် အုပ်စုအောက်တွင် အောက်ပါ ရွေးကောက်ပွဲစနစ်များ ပါဝင်ပါသည်။

(က) အပြိုင်စနစ် (Parallel System)

(ခ) တစ်မဲပေးလွှဲပြောင်း၍ မရသော စနစ် (Single non-transferable vote) စသည်တို့ဖြစ်ကြသည်။

 

အပြိုင်စနစ် (Parallel System) ဆိုသည်မှာ ဗဟု/အများစု အနိုင်ရသည့် စနစ်အုပ်စု (Plurality System/ Majority System) နှင့် အချိုးကျကိုယ်စားပြုသည့်စနစ် (PR – Proportional Representation System) တို့အား ရောပြွန်း၍ အပြိုင်သုံးသည့်စနစ်ဖြစ်သည်။

အများအားဖြင့် (FPTP + List PR) (TRS + List PR) စနစ်ပုံစံမျိုး ရောပြွန်းကြလေ့ရှိကြသည်။ အဆိုပါစနစ်သည် ဗဟု/အများစု အနိုင်ရသည့် စနစ်အုပ်စု (Plurality System/ Majority System) နှင့် အချိုးကျကိုယ်စားပြုသည့်စနစ် (PR – Proportional Representation System) တို့နှင့် ဆင်တူသည့် သဘောကိုတွေ့ရသော်လည်း မဲဆန္ဒနယ် သတ်မှတ်ပုံနှင့် မဲများခွဲဝေပုံ ကွာခြားသည်။