'Support to Electoral Processes and Democracy - STEP Democracy'

ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းတုများ မပြန့်စေရန် နိုင်ငံရေးပါတီများကို STEP Democracy မှ ပံ့ပိုးကူညီ

11 May, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံရေးပါတီ ၃၁ ပါတီ၏ လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်) စာမျက်နှာများကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ အပြာ‌ရောင်အမှန်ခြစ် အမှတ်အသား (Blue Mark) ဖြင့် အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ ယခင်ကတည်းက ရရှိထားပြီးဖြစ်သော နိုင်ငံရေးပါတီများကိုပါ ထည့်သွင်းရေတွက်လျှင် အတည်ပြုထားသော နိုင်ငံရေးပါတီ စုစုပေါင်း (၃၆) ပါတီရှိပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် Blue Mark ဟု လူသိများသည့် အမှတ်အသားပါသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၊ ကိုယ်ပိုင်အကောင့်များကို တွေ့ဖူးကြမှာဖြစ်ပြီး ၎င်းအမှတ်အသားသည် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက စစ်မှန်သည့် စာမျက်နှာ၊ ကိုယ်ပိုင်အကောင့်ဆိုပြီး အသိအမှတ်ပြုထားသည့် အများပြည်သူနှင့်ဆိုင်သည့် စာမျက်နှာများ၊ နိုင်ငံရေးပါတီများနှင့် သတင်းမီဒီယာများ စသည်တို့ဖြစ်သည်။

ယခုလုပ်ဆောင်ချက်သည် STEP Democracy ၏ နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရေးတွင် လူမှုကွန်ရက်အား ထိရောက်စွာနှင့် အကျိုးရှိစွာ အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နှစ်ရပ်၏ နောက်ဆက်တွဲဆောင်ရွက်ချက်ဖြစ်သည်။

နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက်စာမျက်နှာများကို ဆက်လက်အတည်ပြုနိုင်ရန် စီစဉ်လျက်ရှိပြီး STEP Democracy ၏ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Danish Institute for Parties and Democracy - DIPD နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၊ အိုင်အာအိုင်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

“လက်ရှိမှာဆိုရင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းမှားတွေ၊ သတင်းတုတွေက တော်တော်လေး ပျံ့နှံ့နေတဲ့ အနေအထားမျိုး ရှိတယ်။ ခုလို Blue Badge လေး ရလိုက်တာက ပါတီကို ထောက်ခံတဲ့ လူတွေ အလွယ်တကူ ခွဲခြားလို့ ရသွားတဲ့အပြင် ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းမှား၊ သတင်းတုတွေကိုလဲ ရှောင်လွဲဖို့ လွယ်ကူသွားတာပေါ့။ ဒါ ကျွန်တော်တို့အားလုံး ကြိုဆိုရမဲ့ ကိစ္စပါ။ ကျေးဇူးလဲ တင်ပါတယ်။” ဟု ဦးရွှေမင်း (ဥက္ကဋ္ဌ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) က STEP Democracy သို့ပြောသည်။

ယခုလုပ်ငန်းစဉ်၏ အဓိကရည်ရွယ်ချက်မှာ ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားများနှင့် သတင်းမှား၊ သတင်းတုများ ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် ဖြစ်ပါသည်။ ထို့ပြင် ပါတီများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများကို အတည်ပြုပေးလိုက်ခြင်းကြောင့် ယင်းတို့၏ မဲဆန္ဒရှင်များနှင့် ပိုမိုလွယ်ကူစွာ ထိတွေ့ဆက်သွယ်နိုင်မည်ဖြစ်သည်။

“Blue Badge ရလိုက်တာကတော့ ကျွန်မတို့ပါတီကို ထောက်ခံတဲ့ လူထုအတွက် ဘယ် Page က အစစ်လဲ၊ ဘယ် Page က အတုလဲဆိုတာ ခွဲခြားဖို့ ပိုအဆင်ပြေသွားတာပေါ့။ လူသိများတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်တွေလိုပဲ၊ နိုင်ငံရေးပါတီတွေက Page အတုတွေရှိနေတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ဒီလို Blue Badge လေး ရလိုက်တာက ပါတီတွေအတွက်တော့ သူတို့ကို ထောက်ခံတဲ့ လူထုနဲ့ ချိတ်ဆက်ဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။” ဟု ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) မှ ပြောသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာ Blue Mark ရရှိထားပြီးသော နိုင်ငံရေးပါတီများစာရင်းကို ဖော်ပြပါပုံတွင်ကြည့်ရှုနိုင်ပြီး အခြားကျန်ရှိသည့် ပါတီများကိုလည်း အတည်ပြုနိုင်ရန်အတွက် ပါတီတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စိစစ်မှုများ ပြုလုပ်နေသည်။

ဉရောပသမဂ္ဂ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်လျှက်ရှိသော STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်စဉ်များကို ထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အားကောင်းစေရန်အတွက် သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်သည်။