'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လူမှုကွန်ယက်အသုံးပြုပုံများကို ကျွမ်းကျင်ပိုင်နိုင်ရန် ပံ့ပိုးကူညီ

12 May, 2020

လူမှုအသိုက်အဝန်းနှင့် ဆက်သွယ်ချိတ်ဆက်ရန်နှင့် နေ့စဥ်သတင်းနှင့် နိုင်ငံရေးသတင်းစီးဆင်းမှုများကို အလွယ်တကူလက်လှမ်းမီနိုင်ရန်အတွက် အွန်လိုင်းလူမှုကွန်ယက်အသုံးပြုနိုင်ရန် မဖြစ်မနေလိုအပ်လာပါသည်။ ထို့ကြောင့် အွန်လိုင်းလူမှုကွန်ရက်မီဒီယာသည် ဒီမိုကရေစီကျင့်သုံးသော အသိုက်အဝန်းတွင် ကြီးမားစွာ နေရာယူထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ဖေ့စ်ဘွတ်လူမှုစာမျက်နှာ အသုံးပြုသူဦးရေ ၂၂ သန်းအထိ တိုးလာသည်ကို တွေ့ရှိရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်နေရသည့်အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အရှိန်မြှင့်‌ ပြင်ဆင်ဆောင်ရွက်မှုများလည်း ရှိနေပါသည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ပတ်သက်သူများ၊ ပြည်သူများနှင့် အလွယ်တကူ ဆက်သွယ်ပြန်ကြားနိုင်ရန်အတွက် လူမှုကွန်ယက်အသုံးပြုပုံများကို ကျွမ်းကျင်ပိုင်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိုသို့ အသုံးပြုနိုင်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ်များကို များစွာအထောက်အကူပြုပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသော STEP Democracy - ရှေ့သို့မြန်မာစီမံကိန်း၏ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သော DIPD မှ ဉီးဆောင်ပြီး ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဖေ့စ်ဘွတ်လူမှုကွန်ယက်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၂၄ ရက်နေ့တွင် အွန်လိုင်းမှတဆင့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ကို မိမိတို့ လုပ်ငန်းများ၏ ဆက်သွယ်ပြန်ကြားရေးကိစ္စရပ်များအတွက် မည်သို့ထိရောက်စွာ အသုံးချနိုင်မည် နှင့် သတင်းတု၊ သတင်းမှားများကို မည်သို့တုံ့ပြန်ဆောင်ရွက်နိုင်မည်တို့ကိုလည်း လေ့လာခဲ့ကြသည်။

သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်မှုသည် ပွင့်လင်းမြင်သာမှုရှိခြင်း၊ လွတ်လပ်ပြီးတရားမျှတသည် ရွေးကောက်ပွဲဖြစ်စဉ်အတွက်အာမခံချက် ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကပြောသည်။ ထို့ကြောင့် ယနေ့ပြုလုပ်သည့် အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲမှ ကျွန်ုပ်တို့ရရှိသော ဗဟုသုတများသည် မဲဆန္ဒရှင်များနှင့် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သက်ဆိုင်သူများကို ပိုမိုထိတွေ့စေခြင်းအားဖြင့်ရွေးကောက်ပွဲ အတွက်ပိုမိုပြင်ဆင်မှုရှိ လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

ဥရောပသမဂ္ဂ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်လျှက်ရှိသော STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်စဉ်များကို ထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အားကောင်းစေရန်အတွက် သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်သည်။