'Support to Electoral Processes and Democracy - STEP Democracy'

ဒီမိုကရေစီနှင့် မတူကွဲပြားမှုများ

19 May, 2020

ဒီမိုကရေစီသည် လူအများက၎င်းတို့နေထိုင်လိုသည့် လူ့အသိုက်အဝန်းကိုဆုံးဖြတ်နိုင်သော အစိုးရစနစ်တရပ် ဖြစ်သည်။ ဒီမိုကရေစီသည် ဂရိဘာသာစကား "ပြည်သူများ" ဟုဆိုလိုသည့် "ဒီမို" နှင့် "အုပ်ချုပ်မှု"ဟုအဓိပ္ပါယ်ရသည့် "ကရာတို" တို့မှဆင်းသက်လာသည်။ ထို့ကြောင့် ဒီမိုကရေစီဟူသည် "ပြည်သူများ၏အုပ်ချုပ်မှု" ဟု အဓိပ္ပါယ်သတ်မှတ်၍ ရပါသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများက၎င်းတို့၏လူမှုဘဝအား စီမံခန့်ခွဲသည့်အနေအထားအပေါ် သက်ရောက်  သောဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်ကြသည်။ ဒီမိုကရေစီစနစ်တွင် အခြားသူများထက် အခွင့်အရေးပိုမိုရရှိသော ဘုရင်များ မရှိသလို ဘာသာရေးခေါင်းဆောင်များမရှိပါ။ ဒီမိုကရေစီစနစ်တွင် မိမိတို့လူ့အသိုက်အဝန်းကို မည်သို့စီမံ အုပ်ချုပ် သင့်သည်ကို ဆုံးဖြတ်ရာတွင် လူတိုင်းကိုပါဝင်ခွင့်ပေးသည်။ လူတိုင်းတွင် "သင်"လည်းပါဝင်ပါသည်။ ဒီမိုကရေစီစနစ်တွင် လူငယ်များ၏အမြင်များ၊ အယူအဆများနှင့်သဘောထားများအား တန်ဖိုးထားလေးစားသည်။ မိမိတို့လူ့အသိုက်အဝန်းအပေါ် သက်ရောက်သောဆုံးဖြတ်ချက်များတွင် လူအများပါဝင်လာလျှင် မိမိတို့တန်ဖိုးထားမှုများ ပြည့်ဝသည့် ငြိမ်းချမ်းသာယာသောလူ့အသိုက်အဝန်းတွင် နေထိုင်နိုင်လာမည်ဟု ဒီမိုကရေစီကိုထောက်ခံသူများက ယုံကြည်ကြသည်။

လူတစ်ယောက်ချင်းစီတွင် မိမိဘယ်သူလဲဟု ဖြစ်ပေါ်လာစေသည့် အမှတ်သရုပ်များစွာ (Identities) ရှိပါသည်။ အချို့အမှတ်သရုပ်များသည် ကျွန်ုပ်တို့အသားအရောင်နှင့် အသက်အရွယ်ကဲ့သို့သိသာပါသည်။ အချို့ကတော့မမြင်သာပေ။ ဥပမာ ဘာသာရေးယုံကြည်မှု၊ သို့မဟုတ် မောင်နှမထဲတွင် အကြီးဆုံး၊ အငယ်ဆုံး ဖြစ်နေခြင်းမျိုး။ ကျွန်ုပ်တို့၏အရေးကြီးဆုံးသော အမှတ်သရုပ်များသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်သောဆက်ဆံရေးများကို ရောင်ပြန်ဟပ်နေပါသည်။

ကျွန်ုပ်တို့တစ်ဦးချင်းစီသည် တမူထူးခြားသည့်အတွေ့အကြုံများကြောင့် ဖြစ်ပေါ်လာသော အမှတ်သရုပ်များစွာ ဖြင့်ဖွဲ့စည်းထားပါသည်။ ကျွန်ုပ်တို့တွင်မတူညီသောယုံကြည်မှုများ၊ တန်ဖိုးထားမှုများနှင့် ဦးစားပေးမှုများရှိကြပါသည်။ ဒီမိုကရေစီစနစ်တွင် ထိုမတူညီမှုများအား လေးစားပြီးတန်ဖိုးထားသည်။ မတူညီမှုများကိုခြိမ်းခြောက်မှုအဖြစ် ရှု့မြင်ခြင်းအစား မတူညီမှုများသည်သင်ယူမှုများနှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးသည့် စိတ်ကူးဉာဏ်များ၏ အရင်းအမြစ်အဖြစ် ဒီမိုကရေစီလူ့အဖွဲ့အစည်းကရှု့မြင်ပါသည်။ ဒီမိုကရေစီသည် အုပ်စုတစ်ခုအတွင်းရှိ ကွဲပြားခြားနားသော အကျိုးစီးပွားများ၊ အယူအဆများနှင့်အမြင်များကိုဖြေရှင်းရန် နည်းလမ်းတစ်ခုပေးအပ်သော အစိုးရစနစ်တစ်ရပ် ဖြစ်သည်။ ဤနည်းဖြင့် မတူကွဲပြားမှုများစုံလင်စွာရှိနေမှုကို အလေးထားလေးစားလျက် အကြမ်းဖက်မှုများကို ရှောင်လွှဲနိုင်သည်။