'Support to Electoral Processes and Democracy - STEP Democracy'

အနိုင်ရသူ အကုန်ယူ စနစ် First Past The Post (FPTP)

26 May, 2020

FPTP စနစ်သည် ဗဟု/အများစု ကိုယ်စားပြုစနစ်၏ အရိုးရှင်းဆုံး ပုံစံတစ်ခုဖြစ်ပြီး ကိုယ်စားလှယ်တစ်ဦးတည်း ရွေးချယ်သည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်ဗဟိုပြု မဲရွေးချယ်သည့်စနစ်တွင် အသုံးပြုသည်။ ဆန္ဒမဲ ရွေးချယ်မည့် မဲဆန္ဒရှင်အား ကိုယ်စားလှယ်လောင်းများ၏ အမည်များ ဖော်ပြပေးထာပြီး ၎င်းတို့အနက်မှ တစ်ဦးတည်းကိုသာ ရွေး ချယ်ရသည်။ အနိုင်ရကိုယ်စားလှယ်လောင်းဆိုသည်မှာ အရိုးရှင်းဆုံးဆိုရလျှင် မဲအများဆုံးရရှိသူဖြစ်ပြီး သီအိုရီအရဆိုလျှင် အခြားကိုယ်စားလှယ်လောင်းတိုင်းသည် ဆန္ဒမဲတစ်ခုအသာရရှိပါက ၎င်းအနေဖြင့်ဆန္ဒမဲနှစ်ခုရရှိရုံဖြင့် ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ ယနေ့အထိ FPTP စနစ်ကို မူလအားဖြင့် ဗြိတိန်ပြည်ထောင်စုနှင့် သမိုင်းကြောင်းအရ ဗြိတိန်နိုင်ငံ၏ လက်အောက်ခံဖြစ်ခဲ့သော နိုင်ငံများတွင် တွေ့ရသည်။ အဆိုပါ ဗြိတိန်ပြည်ထောင်စုနှင့်အတူလေ့လာသုံးသပ်မှု အခံရဆုံး သောနိုင်ငံများမှာ ကနေဒါ၊ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့ဖြစ်သည်။ ယင်း FPTP စနစ်ကို ကာရေဘီယံနိုင်ငံ အတော်များများတွင်လည်းကောင်း၊ လက်တင်အမေရိကရှိဘယ်လစ်ဇ်နိုင်ငံတွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ့်၊မြန်မာ၊ အိန္ဒိယ၊ မလေးရှားနှင့် နီပေါစသည့်အာရှငါးနိုင်ငံတွင်လည်းကောင်း၊ တောင်ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံငယ်များတွင် လည်းကောင်းအသုံးပြုလျက်ရှိသည်။ အာဖရိက ၁၅ နိုင်ငံတွင်လည်း ယင်း FPTP စနစ်ကို အသုံးပြုလျက်ရှိပြီးအများ စုမှာ ယခင်ဗြိတိသျှကိုလိုနီ လက်အောက်ခံဖြစ်ခဲ့ဖူးသည့် နိုင်ငံများဖြစ်လေသည်။ အလုံးစုံခြုံငုံသုံးသပ်ရလျှင် နိုင်ငံပေါင်း၂၁၃ နိုင်ငံ၏ ၂၂% ခန့်သည် FPTP စနစ်များကို အသုံးပြုနေကြ ပါသည်။

အားသာချက်များ - အခြား ဗဟု/အများစု ကိုယ်စားပြုစနစ်များကဲ့သို့ FPTP စနစ်သည် ရိုးရှင်းလွယ်ကူပြီး သတ် မှတ်ထားသော ပထဝီဒေသကို အကျိုးကျေးဇူးပြုမည့် ကိုယ်စားလှယ်များကိုမွေးထုတ်ပေးလေ့ရှိသည်။ သာဓကအား ဖြင့် မကြာခဏ ကိုးကားဖော်ပြခြင်းခံရလေ့ရှိသော FPTP စနစ်၏ အကျိုးတရားများမှာ-

(က) ယင်းစနစ်သည် မဲဆန္ဒရှင်များအား အဓိက ပါတီကြီးနှစ်ခုကြား၌ တိကျပြတ်သားသည့် ရွေးချယ်မှုကိုဖြစ်ပေါ်စေသည်။ ဤနည်းအားဖြင့် အချို့စနစ်များမှာကဲ့သို့ တတိယပါတီနှင့် အစိတ်စိတ် အမွှာမွှာကွဲနေသော လူနည်းစုပါတီငယ်များ အုပ်ချုပ်ရာမှဖြစ်လာသော ဆိုးကျိုးများ  ကိုမခံစားရ တော့ချေ။ဤစနစ်သည် လက်ဝဲ၊လက်ယာ ပါတီတစ်ခုစီကို တစ်လှည့်စီ အာဏာလွှဲပြောင်းယူစေသော နှစ်ပါတီ စနစ်ကို အများအားဖြင့် ဦးတည်စေသည်။ တတိယပါတီများအနေဖြင့် မကြာခဏ လွင့်ပျောက်သွားကြပြီး ဤသို့ဖြစ်ရခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၎င်းတို့ရရှိထားသော မဲများသည် ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အရွေးခံရလောက်သည့် လူထုထောက်ခံမှုအတိုင်းအတာကို ဒေသအလိုက် မရရှိကြသောကြောင့် ဖြစ်သည်။

(ခ) ယင်းစနစ်သည် တစ်ပါတီအစိုးရများကို ပေါ်ထွန်းစေသည်။ FPTP စနစ်အရဆိုလျှင်အကြီးဆုံးပါတီသည် ပို၍ အကျိုးဖြစ်ထွန်းစေတတ်ပြီး အများအားဖြင့် ပါတီကြီးများသည် ကိုယ်စားလှယ်နေရာ အပိုဆုကို ရလေ့ရှိသည်။ (ဆိုလို သည်မှာ - အနိုင်ရသော ပါတီကြီးတစ်ခုသည် တစ်နိုင်ငံလုံး၏ ဆန္ဒမဲ ၄၅% ကို ရရှိသော်လည်း လွှတ်တော်ကိုယ်စား လှယ်နေရာအားလုံး၏ ၅၅% ကိုရရှိနိုင်ခြင်း ဖြစ်သည်။) သို့ဖြစ်၍ ဤစနစ်တွင် ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းသည် ထုံးစံ တစ်ရပ်မဟုတ်ဘဲ ချွင်းချက်တစ်ရပ်သာ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများအရ ဖွဲ့စည်းထားသော အစိုးရများအနေဖြင့် ပါတီငယ်များနှင့် အခြားတပ်ပေါင်းစုအဖွဲ့ဝင်များ၏ ကန့်သတ်မှုများကို အမှုထားစရာမလိုဘဲ လုပ်ဆောင် စရာရှိသည်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည်ဟု ချီးကျူးခံရသည်။

(ဂ) ယင်းစနစ်သည် သင့်လျော်ညီညွှတ်သော လွှတ်တော်တွင်း အတိုက်အခံအင်အားစုကိုပေါ်ပေါက်စေသည်။ သီအိုရီအရ တောင့်တင်းခိုင်မာသော တစ်ပါတီအစိုးရ၏ ဆန့်ကျင်ဘက်တွင်အတိုက်အခံအင်အားစုအား အပြန်အလှန် ထိန်းကျောင်းပေးသည့် ဝေဖန်စစ်ဆေးရေးကဏ္ဍကိုဆောင်ရွက်ရန် လုံလောက်သည့် လွှတ်တော်ကိုယ်စားလှယ် နေရာများကို ပေးထားသည်။အတိုက်အခံအုပ်စုသည် လက်ရှိအစိုးရကို ယထာဘူတကျကျ အစားထိုးနိုင်စရာ အင်အားစုတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။

(ဃ) အမြင်ကျယ်သော နိုင်ငံရေးပါတီများကို ပေါ်ထွက်စေသည်။ ယင်းစနစ်များတွင်များသောအားဖြင့် အဓိက ပါတီကြီးနှစ်ခုသာရှိသည့်အတွက် လူမျိုးရေးအရ သို့မဟုတ်နေထိုင်ရာဒေသအရ အလွန်ပိုင်းခြားကွဲပြားနေသော လူ့ အဖွဲ့အစည်းများတွင် ယင်းပါတီကြီးများသည်လူ့အဖွဲ့အစည်းတစ်ခုလုံး၏ လိုအပ်ချက်များကို ခြုံငုံမိစေသော မူဝါဒ များကိုသာ ကျင့်သုံးလေ့ရှိသည်။ သို့ဖြစ်၍ ယင်း FPTP စနစ်သည် နိုင်ငံရေးပါတီများကို အယူမသီး၍ လူတကာနှင့် ထိတွေ့နိုင်သည့် ဘုရားကျောင်းများသဖွယ် ဖြစ်လာစေရန် တွန်းအားပေးသည်ဟု ဆိုစမှတ်ပြုကြသည်။ ဥပမာအားဖြင့် ယင်းစနစ်ကို ကျင့်သုံးသည့် မလေးရှားနိုင်ငံ၏ ဘာရီဆန်နေရှင်နယ် အစိုးရသည် မလေး၊ တရုတ်နှင့် အိန္ဒိယလူမျိုး ကိုယ်စားလှယ်များနှင့် အခြားမျိုးနွယ်မတူ လူမျိုးစုများနေထိုင်သည့် ဒေသများ၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေ သော အမြင်ကျယ်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပေးခဲ့သည်။

(င) တစ်ဖက်စွန်းရောက် ပါတီများအား လွှတ်တော်တွင်ကိုယ်စားပြုခြင်းမှ ချန်လှပ်ထားသည်။ တစ်ဖက်စွန်းရောက် လူနည်းစုပါတီတစ်ခု၏ ရွေးကောက်ပွဲထောက်ခံမှု အင်အားသည် မဲဆန္ဒနယ်တစ်နေရာတည်းတွင် စုစည်းနေခြင်းမရှိပါ က FPTP စနစ်အရ ယင်းပါတီသည်လွှတ်တော်၌ ကိုယ်စားလှယ်နေရာ တစ်နေရာမျှ အနိုင်ရဖွယ်မရှိပေ။ (ဆန့်ကျင် ဘက်အားဖြင့် List PR စနစ်အရဆိုလျှင် နိုင်ငံတော်အဆင့် မဲဆန္ဒနယ်တစ်ခု၌ တစ်နိုင်ငံလုံးဆန္ဒမဲ၏ တစ်ရာခိုင်နှုန်း၏ အစိတ်အပိုင်းမျှရရှိရုံနှင့်ပင် လွှတ်တော်ထဲတွင် ကိုယ်စားပြုခွင့်ကို ရရှိစေနိုင်ပါသည်။)

(စ) ယင်း FPTP စနစ်သည် သက်ဆိုင်ရာ ပထဝီဒေသကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များပါဝင်သော လွှတ်တော် ကို ပေါ်ပေါက်စေခြင်းဖြင့် ထိုလွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဲဆန္ဒရှင်များအား ပေါင်းကူးဆက်နွယ်မှုကို ဖြစ်စေသည်။ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်အမတ်များသည်မိမိတို့၏ ပါတီနာမည်ထက် သတ်မှတ် ထားသည့် မြို့ သို့မဟုတ် ဒေသများကို ကိုယ်စားပြုကြရသည်။ အချို့သော လေ့လာဆန်းစစ်သူများက ဒေသအလိုက် တာဝန်ယူမှုသည် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြသည့် လူ့အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အထူး အရေးကြီးသည်ဟု ဆိုကြသည်။

(ဆ) ယင်းစနစ်သည် မဲဆန္ဒရှင်များအား ပါတီများအကြား ရွေးချယ်မှုပြုခြင်းထက် ကိုယ်စားလှယ် လောင်းများအကြား ရွေးချယ်မှုကို ဖြစ်စေသည်။ မဲဆန္ဒရှင်များသည် အချို့ List PR စနစ်များအရ ဖြစ်ပေါ်လေ့ရှိသော ပါတီတစ်ခုက ချပြ သည့် ကိုယ်စားလှယ်လောင်းများကို လက်ခံရခြင်းထက် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ စွမ်းဆောင်မှုကို ဆန်းစစ် အကဲဖြတ်နိုင်ကြသည်။

(ဇ) ယင်းစနစ်သည် လူကြိုက်များသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရနိုင်စေရန် ရွေးကောက်ပွဲ စံနစ်များ နှင့် ယင်းတို့၏ အကျိုးဆက်များ အခွင့်အလမ်း ပေးထားသည်။ နိုင်ငံရေးသည် ခိုင်မာသောပါတီ နိုင်ငံရေးအဖွဲ့အစည်းပေါ်တွင် အခြေမခံဘဲ မိသားစု၊ မျိုးနွယ် စုနှင့် ဆွေမျိုးစုများသာ အကျုံးဝင်သည့် အနှောင်အဖွဲ့ပေါ်တွင် မဏ္ဍိုင်ပြုနေသော ဖွံ့ဖြိုးတိုးတက်ဆဲ ပါတီစနစ်များတွင် အဆိုပါအချက်သည် အထူးအရေးကြီးပါသည်။

(ဈ) နောက်ဆုံးအနေဖြင့် ယင်း FPTP စနစ်များသည် နားလည်လွယ်ပြီး အသုံးပြုရလွယ်ကူသည့်အတွက် အထူး ချီးမွမ်းခံရသည်။ တရားဝင်သော မဲတစ်မဲဖြစ်ရန် ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတဘေးတွင် အမှတ် အသားတစ်ခုသာ လိုသည်။ မဲပြားပေါ်ရှိ ကိုယ်စားလှယ်လောင်း အရေအတွက်သည် ထုံးစံအရနည်းပါးလေ့ရှိပြီး ရွေး ကောက်ပွဲကြီးကြပ်သူများအတွက် စီမံခန့်ခွဲရာတွင် ရေတွက်ရ လွယ်ကူစေသည်။

အားနည်းချက်များ - သို့ရာတွင် ဆိုခဲ့ပြီးသော FPTP စနစ်များသည်လည်း အောက်ပါအတိုင်း သုံးသပ်ဝေဖန်ခံ ရပါသေးသည်။

(က) ယင်းစနစ်သည် ပါတီငယ်များကို မျှမျှတတ ကိုယ်စားပြု အရွေးခံခွင့်မှ ချန်လှပ်ထားသည်။ ဆိုလိုသည်မှာ အကယ်၍ ပါတီတစ်ခုသည် ဆန္ဒမဲ၏ ၁၀% ကို ရရှိခဲ့သည်ဆိုပါစို့ ယင်းပါတီအနေဖြင့် လွှတ်တော်အတွင်းရှိ အမတ် နေရာ၏ ခန့်မှန်းခြေ ၁၀% ကို ရရှိသင့်သည်။ ၁၉၉၃ ကနေဒါနိုင်ငံဖက်ဒရယ်ရွေးကောက်ပွဲတွင် တိုးတက်သော ကွန်ဆာဗေးတစ်ပါတီသည် ဆန္ဒမဲ၏ ၁၆%ကို အနိုင်ရခဲ့သော်လည်း အမတ်နေရာ ဝ.၇%ကိုသာ ရရှိခဲ့ပြီး ၁၉၉၈ ခုနှစ် လီဆော်သိုနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဘာဆော်သိုအမျိုးသားပါတီသည် ဆန္ဒမဲ၏ ၂၄% ကို အနိုင်ရခဲ့သော်လည်း အမတ်နေရာ ၁% ကိုသာ ရရှိခဲ့သည်။ ဤအချက်သည် ယင်း FPTP စနစ်အရ အချိန်နှင့်အမျှထပ်ခါ တလဲလဲ ဖြစ်ပေါ်လေ့ရှိသော ပုံစံပင်ဖြစ်သည်။

(ခ) ယင်းစနစ်သည် လူနည်းစုများကို မျှမျှတတ ကိုယ်စားပြု အရွေးခံခြင်းမှ ချန်လှပ်ထားသည်။ ထုံးစံတစ်ရပ်အနေဖြင့် FPTP စနစ်အောက်တွင် ပါတီများသည် မဲဆန္ဒရှင် ပြည်သူအများစုနှင့် စိမ်းမနေစေရန်အလို့ငှာ မဲဆန္ဒနယ်အတွင်း၌ လူ အများဆုံးလက်ခံနိုင်မည့် ကိုယ်စားလှယ်လောင်းကိုသာ တင်ပြလေ့ရှိသည်။ ဥပမာအားဖြင့် - ဗြိတိန်ပြည်ထောင်စုနှင့် အမေရိကန် ပြည်ထောင်စုရှိ လူအများစုနေထိုင်သောဒေသတွင် အဓိက ပါတီကြီးတစ်ခုအနေဖြင့် လူမဲတစ်ဦးကို ကိုယ်စားလှယ် လောင်းအဖြစ် လျာထားခြင်းမျိုးမှာ အလွန်ရှားသည်။ ကမ္ဘာတစ်လွှားရှိ တိုင်းရင်းသားနှင့် လူမျိုးခြားလူနည်းစု များသည် FPTP စနစ်အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်ရရန် ဖြစ်တောင့်ဖြစ်ခဲနိုင်လှကြောင်း ခိုင်လုံ သော သက်သေ သာဓကများ ရှိပါသည်။ ယင်း၏ အကျိုးဆက်အနေဖြင့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးပုံ အပြုအမူသည် တိုင်းရင်သားလူမျိုးစု ကွဲပြား ခြားနားပုံနှင့် ထပ်တူကျသွားပါက ထိုသို့ လူနည်းစု ကိုယ်စားလှယ်များအား လွှတ်တော်တွင်း ကိုယ်စားပြုခြင်းမှ ချန်လှပ်ထားခြင်းသည် နိုင်ငံရေးစနစ်တစ်ရပ်လုံးကို မတည်မငြိမ် ဖြစ်စေနိုင်သည်။

(ဂ) ယင်းစနစ်သည် အမျိုးသမီးများအား လွှတ်တော်တွင် ကိုယ်စားပြုခွင့်မှ ချန်လှပ်ထားသည်။ အမြောက်အများ လက်ခံနိုင်မှုရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဟူသော သတ်မှတ်ချက်သည် အမျိုးသမီးများ လွှတ်တော်ကိုယ် စားလှယ်အဖြစ် အရွေးခံနိုင်ခွင့်ကို ထိခိုက်စေသည်။ အမျိုးသားများကြီးစိုးသည့် ပါတီဖွဲ့စည်းတည်ဆောက်ပုံများတွင် အမျိုးသမီးများအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရန်မှာ ပို၍ ခဲယဉ်းတတ်သောကြောင့် ဖြစ်သည်။ ကမ္ဘာ တစ်လွှားရှိ သက်သေ သာဓကများအရ အမျိုးသမီးများ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရရန် မှာ PR စနစ်ထက် ဗဟု/အများစု ကိုယ်စားပြုများအောက်တွင် ပို၍ခဲယဉ်းတတ်သည်။

(ကိုးကားဖော်ပြချက်။ ။ ယခုဖော်ပြပါ အကြောင်းအရာကို Internatioanl IDEA  ၏ ရွေးကောက်ပွဲစနစ် ဒီဇိုင်း (Electoral System Design) မှ ကောက်နှုတ် ကူးယူးဖော်ပြခြင်း ဖြစ်ပါသည်။)