'Support to Electoral Processes and Democracy - STEP Democracy'

ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်ခွဲနှင့် နိုင်ငံရေးပါတီတွေအတွက် ဆွေးနွေးပွဲ

10 June, 2020

ယခုအခါဆိုလျှင် မြန်မာ့အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်မှလည်း ထုတ်ဖော်ပြောထားပြီးဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးပါတီမျးာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကောင်းစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ရွေးကောက်ပွဲ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိနိုင်ရန် စိတ်အားထက်သန်နေကြပါသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပွင့်လင်းမြင်သာမှုရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်အတွက် STEP Democracy - ရှေ့သို့မြန်မာ၏ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း Danish Institute for Parties and Democracy – DIPD သည် ရွေးကောက်ပွဲကော်မရှင်ခွဲများနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံးဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မေလ ၂၉ရက်နေ့တွင် ကျွန်ုပ်တို့သည် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲနှင့် နိုင်ငံရေးပါတီများအတွက် အွင်လိုင်း တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စီစဉ်ပေးခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များက ၄င်းတို့၏ သဘောထားအမြင်များကို ဖလှယ်ခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်းဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး၍ ရွေးကောက်ပွဲအကြို ပြင်ဆင်ထားမှုများအား ရှင်းလင်းတင်ပြဖို့ရန် အသင့်အနေအထား ရှိနေခဲ့သည်ကို တွေ့ခဲ့ရပါသည်။

“ကျွန်တော်တို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနှင့် နိုင်ငံရေးပါတီများရဲ့ ပူးပေါင်းပါဝင်မှုကို ကြိုဆိုပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို မတက်ရောက်ဖြစ်တဲ့ အခြားသောနိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးတော့ သိချင်တာများရှိရင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်နွှယ်နေတဲ့ အစုအဖွဲ့တွေအကြား ဘုံရည်မှန်းချက်ပန်းတိုင်တစ်ခုကို လှမ်းတက်နိုင်ဖို့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေခဲ့တယ်။ ဒါက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် အဖြစ် ပေါ်ထွက်လာစေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ တွန်းအားဖြစ်စေပါတယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ‌ဒေါက်တာမနမ်တူးဂျာက  မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ပါသည်။

ယခုကဲ့သို့ ဆွေးနွေးပွဲများတွင် ရွေးကောက်ပွဲကော်မရှင်ခွဲမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများသည် ကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့်မဲဆန္ဒရှင်ပညာပေးခြင်းစသည့်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ကြပါသည်။

STEP Democracy - ရှေ့သို့မြန်မာအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြုချက်ဖြင့်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ရွေး‌ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် နိုင်ငံရေးပါတီများကိုလည်း အလားတူ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။