'Support to Electoral Processes and Democracy - STEP Democracy'

၂၀၂၀ ရွေးကောက်ပွဲ ပြင်ဆင်နေမှုများအား အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ဆွေးနွေး

24 July, 2020

မြန်မာပြည်သူများအတွက် အရေးကြီးသည့် နေ့ရက်ကြီးတစ်ရက်ဖြစ်သည့် ၂၀၂၀ မြန်မာ့အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပါဝင်ပတ်သက်လုပ်ဆောင်နေသူများသည်လည်း သူတို့၏ အခန်းကဏ္ဍများကို ရွေးကောက်ပွဲပြင်ဆင်မှုများတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်ကြရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

အဆိုပါ ပါဝင်ပတ်သက် လုပ်ဆောင်နေကြသူများထဲတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများအတွင်းတွင် ပြုပြင်ပြောင်းလဲခြင်းများကို အားပေးခြင်းအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဖြစ်စဉ်များထဲတွင် မကြာခဏ ပါဝင်လုပ်ဆောင်ကြသည်။

“အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ ရွေးကောက်ပွဲလုပ်ငန်းဖြစ်စဉ်တွေမှာ အရေးကြီးပါတယ်။  တရားမျှတသော၊ ပွင့်လင်းမြင်သာပြီး ယုံကြည်ရတဲ့ ရွေးကောက်ပွဲကို ဒီနှစ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အတူပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် ဒါဟာ မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါလိမ့်မယ်။” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဉီးမြင့်နိုင်က ဇူလိုင်လ ၁၇ရက်နေ့တွင် နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ ညီလာခံ၏ အမေး အဖြေကဏ္ဍတွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းညီလာခံကို CEPPS ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် IFES, IRI, NDI၊ STEP Democracy - ရှေ့သို့မြန်မာ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် International IDEA, DRI၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဉရောပသမဂ္ဂတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ယခုညီလာခံတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၆ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများအပိုင်းတို့ကို မျက်နှာချင်းဆိုင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌအနေဖြင့်လည်း မဲစာရင်ကြေညာခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ လုံခြုံရေးနဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပစ္စည်းများ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးတင်ပြခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့နီတိနှင့် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူမျာထံမှ ခွင့်တောင်းခြင်းဆိုင်ရာ အခက်အခဲများနှင့် တခြားရင်ဆိုင်ရသည့် အခက်အခဲများကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများအား ပံ့ပိုးပေးရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုလုပ်ငန်းစဉ်အပါအဝင် ပြည်တွင်း ရွေးကောက်ပွဲလေ့လာသူများအား အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း နောက်ထပ် ခေါင်းစဉ်တစ်ခုအဖြစ် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

“ဒီလိုမျိုးဆွေးနွေးမှုမျိုးတွေကို တိုင်းနဲ့ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်တွေမှာ လုပ်ပေးနိုင်မယ်ဆိုရင်လည်း ပိုကောင်းမယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဒီညီလာခံကို တက်ခြင်းအားဖြင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ ပြင်ဆင်ချက်တွေကို သိရှိခဲ့ရပါတယ်။ ဒါတွေကို ကျနော်တို့ရဲ့ မိတ်ဆွေအဖွဲ့အစည်းတွေကို မျှဝေပေးသွားမှာပါ။ ဟု Golden Generation အဖွဲ့မှ ဦးစောမောင်က ပြောသည်။

STEP Democracy သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာရန်၊ တိုးတက် ကောင်းမွန်သော ရွေးကောက်ပွဲဆိုင်ရာမူဘောင်ကို ထောက်ခံရန်နှင့် အထူးသဖြင့် ဝေးလံ ခေါင်သီ သောဒေသ များရှိ မဲဆန္ဒရှင်များကိုပညာပေးရန် အရပ်ဘက်အဖွဲ့အစည်းများအားပံ့ပိုးသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်ပုံတင် ဆောင်ရွက်ခြင်းကိုအားပေးဆောင်ရွက်တဲ့ အလားအလာအရိပ်အယောင်တွေကို တွေ့ရှိခဲ့ရတယ်။  မှတ်ပုံတင် ခြင်းကိစ္စရပ်တွေမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့    ကိုက်ညီရင် ထောက်ခံစာရေးပေးနိုင်တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ ရခိုင်ဒေသလို နေရာမျိုးမှာ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေအနေနဲ့ လုံခြုံရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသန္တရ အစိုးရအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်လို့ အရပ်ဖက်  လူမှုအအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ခွဲတွေအနေနဲ့ အတူတကွပူးပေါင်း ဆောင်ရွက် သင့်ပါတယ်။” ဟု Diversity for Love အဖွဲ့က စစ်ရိပ်က ပြောသည်။

ဉရောပသမဂ္ဂ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်လျှက်ရှိသော STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်စဉ်များကို ထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အားကောင်းစေရန်အတွက် သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်သည်။

“တိုင်းနဲ့ ပြည်နယ်အသီးသီးက  တက်ရောက်ဆွေး‌နွေးလာကြတဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက  သိရှိလိုတဲ့အချက်အလက်တွေကို ဝေဝေဆာဆာ မေးမြန်းကြ တာဟာအားရကျေနပ်စရာကောင်းပါတယ်။ ကော်မရှင်တာဝန်ရှိသူတွေကလည်း တတ်နိုင်သလောက်ဖြေကြား သွားတာကိုလည်းတွေ့ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ‌နိုင်ငံတစ်ဝှမ်းက အရပ်ဖက်အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်နိုင်ရန်ဖိတ်ခေါ်မှုမှာ လွန်စွာကောင်းမွန်သော အရွေ့တစ်ခုလို့ ခံစားမိပါတယ်။