'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်း ၃၀၀ ကျော်အတွက် STEP Democracy မှ အင်တာနက်၊ အီးမဲလ်နှင့် အချက်အလက် လုံခြုံရေးဆိုင်ရာ သင်တန်းစီစဉ်ပေး

21 August, 2020

၂၀၂၀ မြန်မာ့အထွေထွေရွေးကောက်ပွဲနေ့ရောက်ရန် ရက်ပေါင်း ၇၀ခန့်သာကျန်ရှိပါတော့ပါသည်။ ဥရောပ သမဂ္ဂ၏ ရံပုံငွေအကူအညီနှင့် ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ၏ အစီအစဉ်တစ်ခုအဖြစ် International IDEA မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်ခွဲများအတွက် ရွေးကောက်ပွဲများကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ပံ့ပိုးကူညီမှုများကို ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၂၃ ခရိုင်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခွဲများမှ ဝန်ထမ်းအယောက် ၃၀၀ ကျော်အတွက်ကို အင်တာနက် အီးမဲလ်များကို စနစ်တကျ သုံးစွဲပုံနှင့် အင်တာနက်အသုံးပြုပြီး ဆက်သွယ်ဆောင်ရွက်ပုံများကို စနစ်တကျသင်ကြားပေးသည့် သင်တန်းတစ်ခုကို ဇူလိုင်လ ၈ရက်နေ့ကနေစပြီးတော့ ဩဂုတ်လ ၁၂ရက်နေ့အတွင်း နေရာဒေသအလိုက်ရက်သတ်မှတ်ပြီး ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းတက်ရောက်သူများသည် အင်တာနက် အီးမဲလ် စနစ်တကျသုံးစွဲ ဆောင်ရွက်ပုံများအပြင် ဒေတာအချက်အလက်များကို မည်သို့မည်ပုံ စနစ်တကျ သိမ်းဆည်းဆောင်ရွက်ရမည်ဆိုသည့် သင်ခန်းစာများကိုပါ လေ့လာခဲ့ကြပါသည်။

“အင်တာနက် အီးမဲလ်နဲ့ကတော့ ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ ဒါပေမယ့်လည်း ကျနော်တို့ ကြုံတွေ့ရတဲ့ ပြဿနာကဘာလဲဆိုရင် ကျနော်တို့ဟာ စနစ်တကျ သင်ကြားခဲ့ကြတာမဟုတ်တဲ့အတွက်တော့ အင်တာနက် အီးမဲလ်ဆက်သွယ်ဆောင်ရွက်ပုံတွေကို စနစ်တကျ မလုပ်တတ်ကျပါဘူး။ ပြီးတော့ ရှောင်ရန် ဆောင်ရန်တွေကိုလည်း မသိခဲ့ပါ။ အခုသင်တန်းမှာတော့ အခြေခံကနေ စနစ်တကျ လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ ကျနော်တို့အတွက် အသုံးဝင်တဲ့ သင်တန်းပါ။” ဟု မြဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ရုံးမှ ရုံးအရာရှိ ဦးမင်းနိုင်ထွေး က ပြောသည်။

သင်တန်းသားများအနေဖြင့် Skype နဲ့ Zoom များကဲ့သို့ ဆော့ဝဲလ်များကို အွင်လိုင်း အစည်းအဝေးများ၊ အွင်လိုင်းညီလာခံများ၊ ရုပ်သံ ဗွီဒီယိုခေါ်ဆိုမှုအတွက် မည်ကဲ့သို့ စနစ်တကျ ထိထိရောက်ရောက် အသုံးပြုပုံ လုပ်ဆောင်ပုံများမှာ ပိုမိုစိတ်ဝင်တစား လေ့လာခဲ့ကြသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကြုံတွေ့နေရသည့်အချိန်တွင် အင်တာနက်အသုံးပြုသူများအကြားတွင် Zoom အသုံးပြုမှုမှာ ပိုမိုပြီး ကျယ်ပြန့်လျှက်ရှိသည်။

“အချက်အလက်တွေကို သိမ်းဆည်တာနဲ့ Cyber Security သင်ခန်းစာတွေဟာ ကျမအတွက် အများကြီး အသုံးဝင်ပါတယ်။ အချက်အလက်တွေကို ဘယ်လို စနစ်တကျ လုံလုံခြုံခြုံသိမ်းဆည်မယ်၊ ဘယ်လို ပိတ်သိမ်းထားမယ်ဆိုတဲ့ ကွန်ပျူတာလုံခြုံရေးစနစ်နဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ကျမမှာအရင်က မရှိခဲ့ပါဘူး။ အခုသင်တန်းရဲ့ ၈၀% လောက်ကို ကျမတို့ အလုပ်မှာ အသုံးပြုသွားနိုင်မယ်ဆိုတာကတော ကျမပြောနိုင်ပါတယ်။ အင်တာနက် ပြဿနာတွေ တချို့နေရာတွေမှာ ရှိနေသေးပေမယ့် ကျမတို့ ရုံးမှာတော့ Skype နဲ့ Zoom တွေကို အသုံးပြုလို့ ရပါတယ်။” ဟု ရှမ်းပြည်နယ် မိူင်းမိထ်မြို့နယ် ကော်မရှင်ခွဲရုံးမှ ဒေါ်မြစပါယ်ထွန်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများအတွက် လူထုဆက်ဆံရေး၊ လူမှုကွန်ယက်အသုံးပြုပုံ၊ ဝဘ်ဆိုဒ်စာမျက်နှာ စီမံခန့်ခွဲပုံများနှင့်ပတ်သက်သည့် သင်တန်းတစ်ခုကို STEP Democracy - ရှေ့သို့မြန်မာ၏ အစီအစဉ်တစ်ခုအဖြစ် International IDEA မှ ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ပေးခဲ့ပါသည်။