'Support to Electoral Processes and Democracy - STEP Democracy'

Election Academy သင်တန်းမှာ ဘာတွေလေ့လာခဲ့ကြလဲ

24 August, 2020

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ Democracy Reporting International (DRI) နှင့် Danish Institute of Political Parties (DIPD) တို့သည် Myanmar Network for Free and Fair Elections (Mynfrel) တို့နှင့်ပူးပေါင်းကာ ဥရောပသမဂ္ဂ၏ရံပုံငွေ အကူအညီနှင့် ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ၏ အစီအစဉ်တစ်ခုအနေဖြင့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးပါတီများ နှင့် မီဒီယာများကို ရွေးကောက်ပွဲဥပဒေမူဘောင်ဆိုင်ရာသင်တန်းပေးရန် Election Academy ကို ဇူလိုင်လ ၂၀ မှ ၂၆ ထိ ပြုလုပ်ပေးခဲ့သည်။

ယခုပြုလုပ်ပေးခဲ့သော Election Academy တွင် မြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများတွင်ဖော်ပြထားသော မဲဆန္ဒရှင်စရင်းသွင်းခြင်းလုပ်ငန်းမှစ၍ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်းအထိ ရွေးကောက်ပွဲလုပ်ငန်းစဉ်စက်ဝိုင်းရဲ့ အစိတ်အပိုင်းအသီးသီးများ အကြောင်းကို အသိပညာရစေရန် ရည်ရွယ်ပြီး ပြုလုပ်ထားသော အခန်း ၇ ခု ထည့်သွင်းခဲ့သည်။ အခန်းတစ်ခုစီတိုင်းကိုလည်း သက်ဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းလျှောက်ထားသူ အယောက်၃၀၀ကျော် လက်ခံရရှိခဲ့သော်လည်း သင်တန်းနှင့် ကိုက်ညီမည့် သင်တန်းသား အယောက် ၃၀ အတွက်ကို သင်တန်းအချိန် ၂ ချိန် ခွဲကာ သင်တန်းကို ပြုလုပ်ပေးခဲ့ပါသည်။

နိုင်ငံရေးပါတီမှကိုယ်စားလှယ်တက်ရောက်သူများ၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာ စောင့်ကြည့် သူများနှင့် သတင်းမီဒီယာများမှ တက်ရောက်ကြသော သင်တန်းသားများသည် သင်ခန်းစာများ တွင်ပါဝင်သော ခေါင်းစဉ်များဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လုပ်ပိုင်ခွင့်နှင့် နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင် နှင့် ကိုယ်စားလှယ်လောင်းများအဖြစ် အကျုံးဝင်မှုနှင့် စာရင်းသွင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်များ၊ မဲပေးခြင်း မဲရေတွက်ခြင်းနှင့် မဲရလဒ်များပေါင်းစည်းတွက်ချက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတွင် လူအများအကျုံးဝင်ပါဝင်မှု၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများ ဖြေရှင်းခြင်း၊ သတင်းမီဒီယာနှင့် သတင်းမီဒီယာကျင့်ဝတ် အစရှိသည်တို့ကို လေ့လာသင်ယူဆွေးနွေးခဲ့ကြသည်။

Myanmar Press Council (MPC) နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းမီဒီယာအစီရင်ခံခြင်းဆိုင်ရာ ကျင့်ဝတ်များအကြောင်းကိုလည်း အခန်းတစ်ခုအနေနဲ့ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် သတင်းမီဒီယာများမှ  သင်တန်းသားများအား ရောနှောထားသော သင်တန်းပုံစံကြောင့် သက်ဆိုင်သူများအားလုံးရဲ့ အတွေ့အကြုံအသီးသီးကို မျှဝေဆွေးနွေးနိုင်သည့် အခွင့်အရေးလည်းရှိခဲ့ကြသည်။ သင်ခန်းစာတိုင်းတွင် အုပ်စုများဖွဲ့ကာ ဆွေးနွေးစေခြင်း အားဖြင့် သင်တန်းသားများအနေနှင့် လေ့လာမိသော သဘောတရားအသစ်များကို ချိတ်ဆက်အသုံးချ၍ အတွေးအမြင်သစ်များကို ဆွေးနွေးနိုင်ခဲ့ကြသည်။

တက်ရောက်သူသင်တန်းသားများအနေနဲ့ သင်တန်းမှ ရရှိလိုက်သည့် ဗဟုသုတများနှင့် ကွန်ယက်များကို အသုံးချနိုင်ကာ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတိုးတက်စေရေးအတွက် အရေးဆို တောင်းဆို/စည်းရုံး လှုံ့ဆော်ရေးရာများကို ရွေးကောက်ပွဲလွန်ကာလတွင်လည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

သင်တန်းပြီးဆုံး ကောက်ယူသော လေ့လာသုံးသပ်မှုစစ်တမ်းတွင်  ၇၄ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပိုမိုယုံကြည်ချက်ရှိလာခဲ့ကြသည်ဟု ဖြေကြားခဲ့ကြပြီး သင်တန်းသား ၁၀၀ ရာခိုင်နှုန်းက ရွေးကောက်ပွဲလုပ်ငန်းစဉ်များအကြောင်းကို ပိုမိုသိရှိချင်ကြကြောင်းကို ဖော်ပြပြောဆိုခဲ့ကြသည်။

သင်တန်းသားများ၏ တိုးတက်မှုအပေါ် ခြုံငုံသုံးသပ်ကြည့်သောရလဒ်များအရ သင်တန်းသား ၇၉ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များနှင့် ပတ်သက်၍ ပိုမိုခွဲခြမ်းစိတ်ဖြာလေ့လာနိုင်လာကြသည်ဟု ပြောကြားကြသည်။

“ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ ပွင့်လင်းမြင်သာမှုရှိရမည့်အပြင် လွတ်လပ်၍ တရားမျှတရမှာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေကတဆင့် နိုင်ငံသားများဟာ သူတို့ကို ကိုယ်စားပြုမည့် ခေါင်းဆောင် နဲ့ အစိုးရကို ရွေးချယ်ခွင့်ရှိကြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲများကနေ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို သိသာစွာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ ၇ ရက်တာ သင်တန်းကနေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များကို လေ့လာနိုင်ခဲ့ပြီး ရရှိလိုက်တဲ့ အတွေးအမြင် ဗဟုသုတများကိုလည်း ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာပြန်လည်အသုံးချမျှဝေသွားမှာပါ” ဟု သင်တန်းသားတစ်ဦးဖြစ်သူ ဦးသွင်ကိုကိုလတ်မှ ပြောသည်။