'Support to Electoral Processes and Democracy - STEP Democracy'

STEP Democracy - ရှေ့သို့မြန်မာ။ ကိုဗစ်-၁၉ ကာလမှာ မဲဆန္ဒရှင်အသိပညာပေးသင်တန်းများ ဖန်တီးပေးမှု

09 October, 2020

ဥရောပ သမဂ္ဂ၏ ရံပုံငွေအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ပထမအကြိမ်မဲဆန္ဒရှင်များသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပတော့မည့် မြန်မာ့အထွေထွေ ရွေးကောက်ပွဲတွင် ပိုမို ပါဝင်နိုင်စေဖို့ရည်ရွယ်ပြီး ဒီမိုကရေစီနိုင်ငံသား အသိပညာပေးနှင့် မဲဆန္ဒရှင်အသိပညာပေး သင်တန်းများကို ပို့ချပေးလျှက်ရှိပါသည်။

“အစကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အချက်အလက်တွေကို အွင်လိုင်းပေါ်မှာ ဖတ်ရတဲ့ နောက်ပိုင်းမှာတော့ စိတ်ဝင်စားမှုရှိလာပြီးတော့ ငါလည်း မဲပေးရင်ကောင်းမှာပဲ ဆိုပြီးတော့ တွေးပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမဲပေးရမလဲ၊ ဘယ်သူတွေကို မဲပေးရမလဲဆိုတဲ့ဟာတွေကိုတော့ မသိရှိခဲ့ရပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြောမလဲ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူးပေါ့နော်။ နောက်တော့ ကျမတို့ ဒီနေရာဒေသမှာပေါ့နော် ဒီလို သင်တန်းရှိတယ်ဆိုတာကို လာပြောတယ်ပေါ့နော်၊ အဲဒါနဲ့ကျမလည်း တက်မယ်ဆိုပြီးတော့ ဒီသင်တန်းကို လာတက်ဖြစ်တာပါ။ ဒီသင်တန်းက အများကြီး ဗဟုသုတရပြီးတော့ အကျိုးရှိတာပေါ့နော် ရွေးကောက်ပွဲ၊ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေ လေ့လာခဲ့ရပါတယ်။” ဟု ကချင်ပြည်နယ်မှ ပထမအကြိမ်မဲပေးမည့်သူ တစ်ယောက်ဖြစ်သော မ မရန်လုလုအောင် က ပြောသည်။

ကိုဗစ်-၁၉ ပြန်လည်ကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် အစိုးရ၏ညွှန်ကြားသော စည်းမျဉ်းများကို လိုက်နာသည့်အနေဖြင့် မြေပြင်သို့ သွားရောက်ပြီး ပို့ချပေးနေခဲ့သော မဲဆန္ဒရှင်အသိပညာပေး သင်တန်းများကို အွင်လိုင်းမှတဆင့် သင်ကြားပို့ချပေးသည့် ပုံစံသို့ ပြောင်းလဲပြီး ပြင်ဆင်လိုက်ရပါသည်။ ယခု ပြောင်းလဲ စီစဉ်လိုက်ရသည့် အွင်လိုင်းမှတဆင့်လေ့လာမည့် သင်တန်းတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲများအကြောင်း၊ မဲပေးပုံအဆင့်ဆင့်၊ ပြည်သူများ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပါဝင်ခြင်း စသည့် အကြောင်းအရာများကို မိမိ နေအိမ်မှ နေပြီး လေ့လာ သင်ယူနိုင်မှာဖြစ်ပါသည်။

“အခုလို အွန်လိုင်းကနေ Zoom အက်ပလီကေးရှင်းနဲ့ သင်တန်းတက်ရတာ ဒါပထမဆုံးပါပဲ။ ဒီသင်တန်းကို တက်ရောက်ပြီးတဲ့နောက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သမ္မတတွေကို ဘယ်လိုရွေးကောက်တင်မြှောက်ကြလဲဆိုတာရယ်၊ ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးမလဲဆိုတာရယ်၊ နောက်ပြီးတော့ ခိုင်လုံမဲ၊ ပယ်မဲ အကြောင်းတွေကိုလေ့လာဖြစ်ခဲ့ပါတယ်။” ဟု ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က မဲဆန္ဒရှင်တစ်ဦးဖြစ်သလို သင်တန်းသားတစ်ဦးဖြစ်သည့် စောခူမူကေထူးက ပြောပါသည်။ အဆိုပါသင်တန်းကို STEP Democracy - ရှေ့သို့မြန်မာ၏ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သော ပညာအင်စတီကျု မှ ပြုလုပ်ပေးခဲ့သည်။

ယခုလို ကိုဗစ်-၁၉ကဲ့သို့ အချိန်ကာလမျိုးမှာ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သင်တန်းများကို လူကိုယ်တိုင်တက်ရောက်ပြီးလေ့လာ မသင်ယူနိုင်သည့် အချိန်တွင် မဲဆန္ဒရှင်အသိပညာပေး အွန်လိုင်းသင်တန်းများသည် အလွန်ပင် အရေးပါလှပါသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် မဲဆန္ဒရှင်အသိပညာများကို လက်လှမ်းမီရရှိနိုင်စေရန်အတွက် STEP Democracy - ရှေ့သို့မြန်မာသည် မဲဆန္ဒရှင်အွန်လိုင်းသင်တန်းများအပြင် ရွေးကောက်ပွဲလက်ကမ်းစာစောင်များ၊ ရွေးကောက်ပွဲ ပိုစတာများ၊ ရုပ်သံဗွီဒီယိုများကိုလည်း ဆန်းသစ်သည့် ပုံစံများဖြင့် ထုတ်လုပ် ဖြန့်ဝေပေးလျှက်ရှိပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ဒီမိုကရက်တစ်မြန်မာ့အသံ တို့နှင့်အတူပူးပေါင်းပြီး ‘MyVotet’ ဟု အမည်ပေးထားသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်မျှဝေခြင်း၊ မဲဆန္ဒရှင်များ၏ အသံများကို ထပ်ဟပ်စေခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲအသံများကို ပြည်သူများဆီကို ထုတ်လွှင့်ပေးနေသည့် အစီအစဉ်လည်း လုပ်ဆောင် လျှက်ရှိပါသည်။