'Support to Electoral Processes and Democracy - STEP Democracy'

ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်သူများအတွက် Election Academy ဆက်လက်ပြုလုပ်ပေး

14 October, 2020

၂၀၂၀ မြန်မာ့အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည့်အတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည်လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျှက်ရှိကြသည်။ တစ်ပြိုင်နက်တည်းတွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများနှင့် မီဒီယာများသည်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လေ့လာရန်နှင့် အစီအရင်ခံရန် ပြင်ဆင်လျှက်ရှိကြသည်။

ဥရောပသမဂ္ဂ၏ ရန်ပုံငွေအကူအညီဖြင့် ဆောင်ရွက်နေသည့် STEP Democracy- ရှေ့သို့မြန်မာ၏အစီအစဉ်တစ်ခုအနေဖြင့် DRI အဖွဲ့သည် USAID နှင့် FHI 360  တို့နှင့် ပူးပေါင်းမိတ်ဖွဲ့ကာ Election Academy ဒုတိယအသုတ်သင်တန်းကို စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြည်သည်။

သင်တန်းကို ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် မီဒီယာများပါဝင်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်များ၊ ကမ်ပိန်းဆိုင်ရာစည်းမျဉ်းများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များကြေညာခြင်းအစရှိသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအကြောင်းကို လေ့လာ သင်ယူခဲ့ကြသည်။

သင်တန်းတွင် သင်ကြားရေးအပိုင်းများဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှုဘောင်များကို သင်ကြားပေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးကြသည့် သင်ကြားရေးပုံစံများဖြစ်သော အုပ်စုလိုက်ဆွေးနွေးတင်ပြခြင်းမျိုးလည်း ပါဝင်ခဲ့ပါသည်။ သင်တန်းသားများအနေနှင့်လည်း ရွေးကောက်ပွဲဥပဒေများကို ကိုယ်တိုင်စီစစ်သုံးသပ်နိုင်ခွင့်ရခဲ့ပြီး နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီအောင် မည်သည့်ပြုပြင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်သည် ဆိုသည့်အချက်များကိုပါ သိရှိလေ့လာနိုင်ခဲ့ကြသည်။

“ကျွန်မတို့အားလုံးမျှော်မှန်းထားကြတဲ့စစ်မှန်တဲ့ ရွေးကောက်ပွဲများဖြစ်ပေါ်လာရေးအတွက် ကျွန်မတို့တွေ အားလုံးအနေနဲ့  ရွေးကောက်ပွဲဆိုင်ရာဥပဒေများနဲ့ နိုင်ငံတကာစံချိန်စံနှုန်းများကို သိထားကြဖို့လိုအပ်ပါတယ်။ ဒီသင်တန်းမှတဆင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်တရားမဲ့ ပြုကျင့်မှုများအကြောင်း အပြင် အငြင်းပွားမှု ဆိုင်ရာဖြေရှင်းခြင်းလုပ်ငန်းစဉ်တွေ ကိုလည်းသိရှိ လေ့လာနိုင်ခဲ့ပါတယ်။ ကျွန်မက ကျွန်မရဲ့အဖွဲ့အစည်း အတွင်းမှာ communication တာဝန်အပိုင်းကို လက်ရှိလုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခုဆိုရင်ကျွန်မ သိရှိသင့်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုသိရှိလာပြီလို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်လာပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သိရှိသင့်တဲ့ အချက်အလက်တွေကို လည်းပိုပြီးရှင်းရှင်းလင်းလင်းသိရှိခဲ့တဲ့အတွက် ကျွန်မပတ်ဝန်းကျင်တဝိုက်က communication community တွေကိုလည်း သူတို့ သတင်းအမှားဖြန့်ခဲ့မိရင်ဖြစ်ဖြစ် အချက်အလက်အမှားတွေမျှဝေမိရင်ဖြစ်ဖြစ် ဘယ်ဟာကတော့ မှားတယ် မှန်တယ် ဆိုတာ ပြောပြနိုင်လာတယ်လို့လည်း ကိုယ့်ကိုကိုယ်မြင်မိပါတယ်။” ဟု Human Right Foundation of Mon Land အဖွဲ့မှ မနီနီဝင်းမှ ပြောသည်။

၎င်းအပြင် Pace on Peaceful Pluralism မှ ကိုသိမ်းမင်းစိုးကလည်း ယခုသင်တန်းတွင် လေ့လာဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် ပြောပြပါသည်။

“ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲစက်ဝန်းတစ်ခုလုံးရဲ့ အဆင့်တစ်ခုချင်းစီကို အသေးစိတ်လေ့လာနိုင်ခဲ့ပါတယ်။ သင်တန်းမှာ ပြည်နယ်နှင့်တိုင်း အသီးသီးမှ သင်တန်းသားများပါဝင်ကြတဲ့အတွက် နိုင်ငံရဲ့ ဒေသအသီးသီး မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကိုလည်း အပြန်အလှန်ဆွေးနွေးခြင်းဖြင့် လေ့လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းမှာ ကပ်ရောဂါအခြေအနေကြောင့် ရွေးကောက်ပွဲကို ရွေ့ဆိုင်းခဲ့ကြတဲ့ နိုင်ငံများ နဲ့ ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တဲ့ နိုင်ငံများအကြောင်း စသဖြင့်ပေါ့  တခြားနိုင်ငံများရဲ့ ဖြစ်စဉ်များအကြောင်းပါ လေ့လာဆွေးနွေးခွင့်ရခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကပ်ရောဂါနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဆွေးနွေးစရာများနဲ့ပတ်သက်ပြီးတော့ သုံးသပ်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်က အခုလည်း မဲဆန္ဒရှင်အသိပညာပေးသင်တန်းပေးခြင်းများတွင် ပါဝင်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခု သင်တန်းမှ လေ့လာမိတဲ့ သင်ခန်းစာများကို သင်တန်းတွင် သင်ရိုးညွှန်းတမ်းများ အဖြစ်ထည့်သွင်း သင်ကြားပေးသွား မှာဖြစ်ပြီး လေ့လာမိတဲ့ ဗဟုသုတများကိုလည်း ကျွန်တော့်ပတ်ဝန်းကျင်ကိုမျှဝေပေးသွားဦးမှာပါ။”

ဥရောပသမဂ္ဂအစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသော STEP Democracy-ရှေ့သို့မြန်မာ အစီအစဉ်ဖြင့် DRI သည် စစ်မှန်သောရွေးကောက်ပွဲများဖြစ်ထွန်းလာစေရန် နှင့် ရွေးကောက်ပွဲဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိသည်။ DRI သည် ၂၀၁၅ တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေမူဘောင်များ လက်ဆွဲကို စတင်ပြုစု ခဲ့ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် ဥပဒေလေ့လာရေးတွင် အထောက်အကူ ဖြစ်စေခဲ့ သည့်အပြင် ယခုအခါတွင်လည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြောင်းလဲမှုများနှင့်တပြေးညီ ဆက်လက် ပြုစုနေသည်။ ထို့အပြင် DRI သည် သင်တန်းသားဟောင်းများနှင့်ကွန်ရက်ဖွဲ့ကာ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးများအား စုံလင်ကျယ်ပြန့်စွာ တွေ့ဆုံဆွေးနွေးသွားမည့် အစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါသည်။