'Support to Electoral Processes and Democracy - STEP Democracy'

ကိုဗစ်-၁၉ ကာလ ရွေးကောက်ပွဲ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို IDEA က ဘေးကင်းရေးနှင့် မဲဆန္ဒရှင်အသိပညာပေးရေး ထောက်ပံ့ကူညီ

17 December, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာခဲ့သည့်တိုင် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလ အတိုင်း ကျင်းပခဲ့သည်။ သာမန် အခြေအနေမှာပင် ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုများ ရှိနှင့်ပြီးဖြစ်ရာ ကပ်ဘေးက ပိုမို ထွေပြားသော အခြေအနေတစ်ခုကို ထပ်ဆောင်းပေးခဲ့သည်။ ဥရောပ သမဂ္ဂက ထောက်ပံ့ထားသော STEP Democracy အစီအစဉ်၏ အောက်ရှိ International IDEA သည် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အကူအညီများပေးခဲ့သည်။

ရွေးကောက်ပွဲအတွက် စိုးရိမ်ဖွယ်ကိစ္စက နှစ်ဆဖြစ်လာသည်။ ရောဂါကူးစက်မည်ကို စိုးရိမ်တဲ့သူများက မဲလာမပေးဘဲ နေနိုင်ခြင်း၊ မဲထွက်ပေးသူများ ရောဂါကူးစက်ခံရနိုင်ခြင်းနှင့် လူစုလူဝေးဖြစ်စေသည့် မဲရုံများကြောင့် နောက်ထပ် ရောဂါ ကူးစက်မှု လှိုင်းသစ်များ ထပ်မံဖြစ်ပွားလာနိုင်ခြင်းတို့ ဖြစ်သည်။

“ကျွန်တော်က ရွေးကောက်ပွဲနေ့မှာ ရောဂါကူးစက်ခံရကောင်းခံရနိုင်လို့ စိုးရိမ်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် NGO ဝန်ထမ်း ကိုဘုန်းမြင့်မင်းက ပြောသည်။

(ဓာတ်ပုံ - အိုင်ဒီအီးအေ/ရှေ့သို့မြန်မာ)

ဥရောပသမဂ္ဂကထောက်ပံ့ထားသော STEP Democracy အစီအစဉ်၏ အောက်ရှိ International IDEA သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို မဲရုံများ၌ ကူးစက်မှုအန္တရာယ် လျော့ကျစေရန် အားထုတ်ရာ၌ ကူညီပေးခဲ့သည်။ ကိုဘုန်းမြင့်မင်းတို့ကဲ့သို့ မဲဆန္ဒရှင်များ ဘေးကင်းရန်ကွာ မဲပေးနိုင်ရန် လုပ်ဆောင်ရာတွင် ကူညီပေးသည်။

International IDEA က UEC ကို အသိပညာဆိုင်ရာအရင်းအမြစ်များ မျှဝေပေးသည်။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ကျင်းပခဲ့သည့် တောင်ကိုရီးယား ရွေးကောက်ပွဲလိုမျိုး ကမ္ဘာ့အခြားနိုင်ငံများထံမှ ရရှိခဲ့သည့် သင်ခန်းစာများကို မျှဝေပေးခြင်းဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ စာတမ်းတစ်စောင်က ရွေးကောက်ပွဲနေ့ မဲရုံများတွင် ပိုမို ဘေးကင်းစေမည့် လမ်းညွှန်ချက်များနှင့် လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင်ရန် လွှမ်းခြုံနိုင်စေခဲ့သည်။ မဲရုံဝန်ထမ်းများကိုသာမက မဲဆန္ဒရှင်များကိုပါ မျှော်မှန်းချက်များကို စီမံခန့်ခွဲစေနိုင်ဖို့နှင့် ဘေးကင်းစေရန် လိုအပ်သည့် လုံခြုံရေးအစီအမံများဆိုင်ရာ အကြံပြုချက်များပေးနိုင်ရန် အဆိုပါစာတမ်းက ရည်ရွယ်သည်။ UEC က အကြံပေးချက်များကိုရယူပြီး ကိုဗစ်-၁၉ ကာကွယ်ရေးကို ရွေးကောက်ပွဲအတွက် ဦးစားပေးအစီအစဉ်များထဲတွင် ထည့်သွင်းခဲ့သည်။

ပိုမိုလက်တွေ့ကျသည့်အပိုင်းတွင် IDEA သည် မျက်နှာကာ (Face shield) ငါးသောင်း၊ လက်သန့်ဆေးပုလင်း ငါးသောင်းနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ၏ အလှူပစ္စည်းများကို မဲရုံအထူးရဲတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းခဲ့သည်။ အလှူပစ္စည်းများကို ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဝေပေးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့သည်။ သို့မှသာ UEC အနေဖြင့် ရွေးကောက်ပွဲနေ့တွင် သင့်လျော်ပြီး စိတ်ချရသည့် ဘေးကင်းလုံခြုံ‌ရေးကိစ္စများကို စီမံနိုင်မည်ဖြစ်သည်။

(ဓာတ်ပုံ - အိုင်ဒီအီးအေ/ရှေ့သို့မြန်မာ)

UEC သည် ဘေးကင်းစွာ မဲပေးရေးအတွက် ရည်ရွယ်သည့် လုပ်ဆောင်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ရသည်။ ရပ်ကွက်၊ ကျေးရွာများရှိ အသိပေးဆိုင်းဘုတ်များရှေ့၌ လူမအုံစေရန် အွန်လိုင်းပလက်ဖောင်းတစ်ခု ဖန်တီးရသည်။ မဲဆန္ဒရှင် များသည် ထိုအွန်လိုင်းပလက်ဖောင်းတွင် မဲဆန္ဒရှင်စာရင်းကို မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့် စစ်ဆေးနိုင်မည်ဖြစ်သည်။ မဲဆန္ဒ နယ် ပြင်ပရောက်နေသည့် မဲဆန္ဒရှင်များအနေဖြင့် အထူးပုံစံစာရွက်များကို ဖြည့်ပြီး မိမိရောက်နေသည့်နေရာမှနေ၍ မဲပေးနိုင် စေခဲ့သည်။

UEC သည် အသွားအလာကန့်သတ်ထားသည့် ကွာရန်တင်းစင်တာများနှင့် ဆေးရုံများသို့ ရောက်နေသည့် မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိစေရန်လည်း လုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ်ခဲ့သည်။ ထိခိုက်နိုင်ခြေအမြင့်ဆုံးသူများ ဖြစ်ကြသည့် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ မဲပေးနိုင်စေရန် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ခံခဲ့သည်။ အထူးသဖြင့် ကူးစက်နှုန်းမြင့်မားသည့် နယ်မြေများတွင် ထိုသို့လုပ်ဆောင် ပေးခဲ့သည်။ ရွေးကောက်ပွဲနေ့တွင် တာဝန်ဖြင့် ခရီးသွားစရာရှိသည့် အစိုးရဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းပုဂ္ဂိုလ်များ၊ အကျဉ်းသားများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ မဲဆန္ဒနယ်ပြင်ပသို့ ရောက်နေကြသူများ၊ နိုင်ငံရပ်ခြား ရောက်နေကြသူများသည် ရွေးကောက်ပွဲနေ့ မတိုင်ခင် ၁၀ ရက်ကတည်းက ကြိုတင်မဲပေးနိုင်သည်။ ကြိုတင်မဲများ စီစဉ်ပေးသည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home သတ်မှတ်ထားသည့် ၅၇ မြို့နယ်ကို ရွေးကောက်ပွဲနေ့တွင် အသွားအလာ ကန့်သတ်ချက်များ ဖြေလျော့ပေးမည်ဟု ကြေညာခဲ့သည်။

UEC  ၏ အရေးကြီးသည့် ဦးစားပေး ကိစ္စတစ်ခုမှာ ရွေးကောက်ပွဲနောက်ပိုင်း ကူးစက်နှုန်း ရုတ်တရက်မြင့်တက်သွားသည့် အန္တရာယ်ကို လျှော့ချနိုင်စေရန် လူစုလူဝေးဖြစ်မှုကို ရှောင်ရှားဖို့ဖြစ်သည်။ ထို့ကြောင့် မဲရုံအရေအတွက်ကို ၄၃,၂၀၀ အထိ တိုးမြှင့်ခဲ့သည်။ ပျမ်းမျှအားဖြင့် မဲရုံတစ်ရုံတွင် မဲဆန္ဒရှင် ၈၈၆ ယောက်သာ မဲပေးရမည်ဖြစ်သည်။

မဲရုံများတွင် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်နိုင်ရန် UEC သည် ကျန်းမာရေးအာဏာပိုင်များနှင့် လက်တွဲပြီး အထူးလုပ်ထုံး လုပ်နည်းများကို ချမှတ်ခဲ့သည်။ အဆိုပါ လုပ်ထုံးလုပ်နည်းများကို ဇွန်လနှင့် အောက်တိုဘာလတို့တွင် အစမ်းမဲပေးမှု နှစ်ကြိမ် ပြုလုပ်ပြီး စမ်းသပ်ခဲ့သည်။

STEP Democracy အစီအစဉ်၏ အောက်ရှိ International IDEA က ပြင်ဆင်ပေးထားသည့် ပုံပြလက်ကမ်းစာစောင်များကို ကျန်းမာရေး အာဏာပိုင်များက မိုဘိုင်းအခြေပြု လူမှုမီဒီယာပလက်ဖောင်း အသုံးပြုသူများထံ ကိုဗစ်-၁၉ သတင်းအချက် အလက်များပေးနိုင်ရန် အသုံးပြုခဲ့သည်။ နိုင်ငံတစ်ဝန်း Viber အသုံးပြုသူ အယောက် ၁၇ သိန်းထံသို့ အဆိုပါ လက်ကမ်း စာစောင်များ ပေးပို့ခဲ့သည်။

ကြိုးစားအားထုတ်မှုများ အကျိုးရှိပါရဲ့လား?

 

 

ကိုဘုန်းမြင့်မင်းမှာ ခံစားချက်များ ရောထွေးနေသည်။ “ရွေးကောက်ပွဲမတိုင်ခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ ကျွန်တော်က လူကိုယ်တိုင် မဲသွားပေးခဲ့တာပါ။ ကျွန်တော် အစောကြီးထပြီး သွားတော့ ပိုလုံခြုံတယ်ခံစားရတယ်။ မဲရုံတွေရဲ့ ကာကွယ်‌ရေး အစီအစဉ်တွေကတော့ စနစ်မကျဘူးလို့ ထင်တယ်။ ဒါပေမဲ့ မဲရုံ တာဝန်ကျသူတွေက တတ်နိုင်သမျှအကောင်းဆုံး လုပ်ပေးကြပါတယ်။ သူတို့က ငါးယောက်တစ်စု ခွဲပေးတယ်၊ လက်သန့်ဆေး ဖြန်းပေးတယ်၊ အကာအကွယ် ပစ္စည်းတွေ ဝေပေးတယ်။ ပြီးတော့မှ မဲရုံထဲကို အဖွဲ့လိုက် ဝင်ရပါတယ်”ဟု ကိုဘုန်းမြင့်မင်းက ပြောပြသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ မစိုးစန္ဒာအေး၏ အတွေ့အကြုံက တစ်မျိုးဖြစ်သည်။ “ကျွန်မ နိုဝင် ဘာ ၈ ရက်နေ့မှာ လူကိုယ်တိုင် မဲသွားပေးပါတယ်။ ကိုဗစ်-၁၉ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ကျွန်မ ခံစားရတယ်။ မဲရုံရှေ့မှာ လူတော်တော်များများက လုံလုံလောက်လောက် ခပ်ခွာခွာမနေကြဘဲ တန်းစီနေကြတယ်။ မျက်နှာကာတွေနဲ့ လက်သန့်ဆေးတွေ ဝေပေးပါတယ်။ ဒါပေမဲ့ မဲရုံထဲရောက်မှ ပေးတာပါ။ မဲရုံထဲမှာလည်း ခပ်ခွာခွာ မနေကြပါဘူး”ဟု သူကဆို သည်။

UEC အပါအဝင် သန်းနှင့်ချီသော စည်းကမ်းလိုက်နာသည့် ပြည်သူများ၊ မဲရုံဝန်ထမ်းများ  ကြိုးစားအားထုတ်ခဲ့ကြသည့်တိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ ရွေးကောက်ပွဲနောက်ပိုင်း ရက်များအတွင်း ကူးစက်နှုန်း တိုးလာသည်ကို တွေ့ရသည်။ သေချာပေါက် မပြောနိုင်သည့်တိုင် ထိုသို့တိုးလာခြင်းသည် သန်းနှင့်ချီသော ပြည်သူများ မဲပေးခဲ့ခြင်းနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ပို၍ဆိုးသည်မှာ ကျောင်းဆရာဆရာမအများစု ပါဝင်သည့် မဲရုံဝန်ထမ်း တော်တော်များများ နာမကျန်းဖြစ်ခဲ့ကြပြီး အချို့မှာ ကိုဗစ်-၁၉ ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သဖြင့် ကပ်ဘေး၏ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုကို ပြန်သတိရစေခဲ့သည်။ နောက်ပိုင်းတွင်မူ ပိုးတွေ့လူနာအသစ် တွေ့ရှိနှုန်းသည် တည်ငြိမ်သွားပြီး အများစိုးရိမ်နေကြသည့် ကြီးမားသော ကူးစက်လှိုင်းသစ်ကို ရှောင်ရှားနိုင်ခဲ့သည့် ပုံစံမျိုး တွေ့မြင်နေရပြီဖြစ်သည်။

STEP Democracy အောက်တွင် IDEA သည် UEC ကို ကိုဗစ်-၁၉ ကပ်ဘေးကာလ ရွေးကောက်ပွဲ အစီအမံများအတွက် နည်း စနစ်ပိုင်းဆိုင်ရာ အကြံဉာဏ်များကို အချိန်နှင့်တစ်ပြေးညီ ပေးခဲ့ရုံသာမကပေ။ ရွေးကောက်ပွဲနေ့တွင် လုံလောက်သော ဘေးကင်း လုံခြုံရေးအတွက် အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး မဲဆန္ဒရှင် သတင်းအချက်အလက်များအတွက် မကြုံစဖူးအဆင့်များအထိ ကူညီဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ပြီး မဲပေးသူ အရေအတွက်သည် UEC ၏ ခန့်မှန်းချက်အရ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ယင်းမှာ မဲပေးခွင့်ကို အချိန်နှင့် တစ်ပြေးညီ ရရှိစေခဲ့ပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျသည့် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လွှတ်တော်အသစ်သည် အစိုးရသစ် ဖွဲ့စည်းရန် အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားတော့ မည်ဖြစ်သည်။ ဦးစားပေးလုပ်ငန်းများထဲမှ တစ်ခုမှာ ကိုဗစ်-၁၉ ပြဿနာမှ ရုန်းထွက်ရေးနှင့် ကပ်ဘေးကြောင့် ဖြစ်လာသည့် လူမှုစီးပွား ထိခိုက်မှုများကို သက်သာပြေပျောက်စေရေးတို့ ဖြစ်ပါလိမ့်မည်။

(STEP Democracy - ရှေ့သို့မြန်မာ)