'Support to Electoral Processes and Democracy - STEP Democracy'

မဏ္ဍိုင်သုံးရပ်နှင့် အာဏာခွဲဝေကျင့်သုံးခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှု

မဏ္ဍိုင်သုံးရပ်နှင့် အာဏာခွဲဝေကျင့်သုံးခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှု

 

(က) ဒီမိုကရေစီ၏ အဓိက လုပ်ငန်းတာဝန်များ

ဒီမိုကရေစီအစိုးရ၏ အဓိက လုပ်ငန်းတာဝန်သုံးရပ်ရှိသည်။ ၎င်းတို့မှာ ဥပဒေများကို ရေးဆွဲခြင်း၊ ဥပဒေများကို အကောင်အထည်ဖော်ခြင်းနှင့် ဥပဒေများသက်ရောက်စေခြင်းတို့ပင် ဖြစ်ကြသည်။ ထိုလုပ်ငန်းတာဝန်သုံးရပ်ကို အောက်ဖော်ပြပါ အစိုးရမဏ္ဍိုင်သုံးရပ်မှ ဆောင်ရွက်သည်။

၁။ ဥပဒေပြုရေးမဏ္ဍိုင် (ဥပဒေ ရေးဆွဲခြင်း)

၂။ အုပ်ချုပ်ရေး မဏ္ဍိုင် (ဥပဒေများ အကောင်အထည်ဖော်ြခင်း)

၃။ တရားစီရင်ရေး မဏ္ဍိုင် (ဥပဒေသက်ရောက်စေခြင်း)

ဒီမိုကရေစီအစိုးရ၏ အရေးပါသည့် လက္ခဏာရပ်တစ်ရပ်မှာ ထိုအစိုးရ မဏ္ဍိုင်သုံးရပ်သည် သီးသန့်စီ လွတ်လွတ်လပ်လပ် ရပ်တည်ကြခြင်းပင် ဖြစ်သည်။ ထိုမဏ္ဍိုင်သုံးရပ်တို့၏ လုပ်ငန်းတာဝန်များမှာ နီးကပ်စွာ ဆက်နွယ်နေကြသော်လည်း မဏ္ဍိုင်တစ်ရပ်စီအနေဖြင့် အခြားမည်သည့် မဏ္ဍိုင်ကမှ မစွက်ဖက်စေနိုင်မည့် ကိုယ်ပိုင်အခွင့်အရေးများ၊ တာဝန်များနှင့် အာဏာတို့ကို အပ်နှင်းခံထားကြရသည်။ ထိုအယူအဆကို အာဏာခွဲဝေကျင့်သုံးမှုဟု ခေါ်တွင်ပြီး နိုင်ငံတော်၏ အခြေခံဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသည်။

(ခ) အာဏာခွဲဝေကျင့်သုံးမှု

အာဏာခွဲဝေကျင့်သုံးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အင်စတီကျူးရှင်းတစ်ခုမှ အခြားသော အင်စတီကျူးရှင်းများအပေါ် (နိုင်ငံတော်တစ်ရပ်လုံး အပေါ်) တရားမဲ့ စိုးမိုးအုပ်ချုပ်မှုမျိုးမှ ကာကွယ်တားဆီးရန် ဖြစ်သည်။ အာဏာပိုင်စနစ်ကျင့်သုံးသည့် အစိုးရများတွင် အာဏာအစစ်အမှန်ကို အစိုးရမဏ္ဍိုင် တစ်ရပ်တည်းကသာ ချုပ်ကိုင်ထားကြသည်။ (အများအားဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကဖြစ်ပြီး) ကျန်မဏ္ဍိုင်တို့မှာမူ အုပ်ချုပ်ရေးမဏ္ဍိုင်၏ ခြယ်လှယ်လွှမ်းမိုးမှုကို ခံကြရသည်။ ထိုအချက်က တရားဥပဒေစိုးမိုးမှုကို ယိုင်နှဲစေပြီး အဂတိလိုက်စားမှုများ၊ ပရမ်းပတာအခြေအနေများကို ပေါ်ပေါက်စေသည်။ ထိုအခြေအနေမျိုးကို အာဏာပိုင်းခြားခြင်းဖြင့်သာ ရှောင်ရှားနိုင်ရန်ဖြစ်သည်။ ထိုသို့ ရှောင်ရှားနိုင်ရန်အတွက် အစိုးရမဏ္ဍိုင်တို့အကြားတွင် အာဏာမျှဝေထားရပြီး မည်သည့်မဏ္ဍိုင်ကမှ အာဏာအလွန်အကျွံမရရှိစေရချေ။

အာဏာခွဲဝေ ကျင့်သုံးမှုသည် မည်သည့်အစိုးရ မဏ္ဍိုင်ကမှ သီးခြားရပ်တည်၍ မရ။ အခြားမဏ္ဍိုင်တို့နှင့် ပူးပေါင်းရပ်တည်ရန် လိုအပ်သည်ဟုလည်း ဖွင့်ဆိုနိုင်သည်။ ထိုမဏ္ဍိုင် အသီးသီးအနေဖြင့် နိုင်ငံတော်၏ အရေးပါသည့်ဆုံးဖြတ်ချက်များချမှတ်ရာတွင် အတူတကွသဘောတူ လက်ခံလာစေခြင်းဖြင့် ပွင့်လင်းမြင်သာမှုနှင့် ပါဝင်မှုတို့ကို ပေးစွမ်းနိုင်ကြပေသည်။

(ဂ) အပြန်အလှန်ထိန်းကျောင်းခြင်း (Check & Bakance)

အာဏာခွဲဝေ ကျင့်သုံးမှု၏ အကျိုးဆက်အနေဖြင့် အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကိုပေါ်ပေါက်လာစေသည်။ ထိုစနစ်သည် အစိုးရမဏ္ဍိုင်အချင်းချင်းအကြားအာဏာကန့်သတ်စေသည်။ မဏ္ဍိုင်သုံးရပ်လုံး၏ အာဏာကိုမျှတစေသည်။ ထိန်းကျောင်းမှုစနစ်သည် မတူညီသည့် မဏ္ဍိုင်များအား အတူတကွ လုပ်ဆောင်လာစေသည်။ ထိုမဏ္ဍိုင်တို့မှာ အချင်းချင်း အမှီသဟဲပြုနေရသည်။ အပြန်အလန် ထိန်းကျောင်းမှုစနစ်က အာဏာအလွဲသုံးစားမှုမဖြစ်အောင် နည်းလမ်းသုံးသွယ်ဖြင့် တားဆီးပေးထားသည်။

၁။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခြားသော အင်စတီကျူးရှင်းများကိုလည်း ပါဝင်နိုင်အောင် စီမံထိန်းကျောင်းပေးထားနိုင်ခြင်း (ဥပမာ။ ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ နှစ်ဦးစလုံး သဘောတူညီမှုမရပဲ စစ်ကြေညာမှု မလုပ်နိုင်ခြင်း)

၂။ အခြားသော အင်စတီကျူးရှင်းက ဥပဒေတစ်ခု သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို သဘောမတူပါက ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခြင်း

၃။ ဥပဒေများ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်မှုမရှိစေရန် စီမံထိန်းကျောင်းပေးနိုင်ခြင်း တို့ဖြစ်သည်။

 

(STEP Democracy မှပြုစုရေးသားပါသည်။)