'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲဖြစ်စဉ်တွင် မဲဆန္ဒရှင်များ၏ အခန်းကဏ္ဍ

ရွေးကောက်ပွဲဖြစ်စဉ်တွင် မဲဆန္ဒရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ အဘယ့်ကြောင့်ဆိုသော် မဲဆန္ဒရှင်များ၊ မဲပေးခွင့်ရှိသူများ ပါဝင်မှသာလျှင် အားလုံးပါဝင်မှုရှိသည့် ဒီမိုကရေစီ နည်းလမ်းကျသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲစက်ဝန်း၏ အဆင့်တိုင်းတွင် ပါဝင်နိုင်ပြီး အဓိကအားဖြင့်

(၁) ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များကောက်ယူစုဆောင်းခြင်း

(၂) မိမိတို့မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအား အကဲဖြတ်ခြင်း

(၃) မဲဆန္ဒရှင်ဆိုင်ရာ အသိပညာများအား တစ်ဆင့်ပြန်လည် ဖြန့်ဝေပေးခြင်း

(၄) မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါမပါကို သွားရောက်စစ်ဆေးခြင်း

(၅) မဲရုံတွင် စေတနာ့ဝန်ထမ်း အဖြစ်ပါဝင်ခြင်း

(၆) ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်း

(၇) ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းတို့ ဖြစ်ပါသည်။

 

(၁) ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များကောက်ယူစုဆောင်းခြင်း

သတင်းအချက်အလက်သည် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအတွက် အလွန်အရေးကြီးပါသည်။ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ မဲပေးပုံနည်းလမ်းများ၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက်၊ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ရမည့်ရက်၊ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာမည့်နေ့ရက်၊ အစရှိသော သတင်းအချက်အလက်များကို ရရှိရန်အရေးကြီးပါသည်။ ထိုသို့ကောက်ယူရရှိသော အချက်အလက်များသည် မိမိရပ်ရွာလူ့အဖွဲ့အစည်းမှ အခြားသော သူများအားပြန်လည်ပြေပြနိုင်ရန်၊ သတင်းမှားများအား ဝေဖန်ဆန်းစစ် နှိုင်ယှဉ်နိုင်ရန် အထောက်အကူပြုပါသည်။

သတင်းအချက်အလက်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၊ အရပ်ဖက်လူမှု့အဖွဲ့အစည်းများ၊ လူမှုကွန်ရက်၊ ရုပ်သံမီဒီယာများ၊ သတင်းစာ၊ ဂျာနယ်များ၊ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများထံမှ အလွယ်တကူရရှိနိုင်ပါသည်။

(၂) မိမိတို့မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအား အကဲဖြတ်ခြင်း

ဒီမိုကရေစီစနစ်တွင် မဲပေးခြင်းသည် မိမိတို့၏ အရေးကိစ္စများကို ကိုယ်စားပြုဆောင်ရွက်ပေးနိုင်မည့်သူများကို ရွေးချယ်တင်မြှောက်ရခြင်းဖြစ်သည်။ ထို့ကြောင့် မဲပေးရွေးချယ်မည့်သူသည် မိမိ၏ လိုလားချက်များကို အမှန်တကယ် အလေးထားဆောင်ရွက်နိုင်မည့်သူ ဖြစ်ရန်အရေးကြီးသည်။ သို့အတွက် မိမိမဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ကတိကဝတ်များနှင့် ၎င်းတို့၏ အရည်အချင်းများကို သိရှိလေ့လာဆန်းစစ်၍ မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်ကြရမည်ဖြစ်သည်။ အောက်ဖော်ပြပါ အဆင့်(၇) ဆင့်သည် ကိုယ်စားလှယ်လောင်းအား အကဲဖြတ်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။

အဆင့် ၁။ မိမိရပ်ရွာတွင် မည်သို့သော ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို ဖော်ထုတ်ပါ။

အဆင့် ၂။ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေရန်။

  • ရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြသော ကိုယ်ရေးအချက်အလက်များ
  • သက်ဆိုင်ရာ စည်းရုံးရေးရုံးများမှ ထုတ်ပြန်သော အချက်အလက်များ
  • သတင်းထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများကို စောင့်ကြည့်ခြင်း
  • သတင်းစာများတွင်ဖော်ပြထားသော ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များ
  • ရေဒီယိုများနားထောင်ခြင်း
  • ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အချက်အလက်များ
  • ကိုယ်စားလှယ်လောင်း၏ ပြောကြားသော မိန့်ခွန်းများ
  • လက်ကမ်းစားစောင်များ
  • စည်းရုံးရေးဆိုင်ရာ စာအုပ်စာတမ်းများ
  • ပါတီများ၏ အင်တာနက်စာမျက်နှာ
  • ဖေ့စ်ဘွတ် ကဲ့သို့သော လူမှုကွန်ယက်မှ တစ်ဆင့်စောင့်ကြည့်လေ့လာခြင်း
  • CSO, NGO များမှ ထုတ်ပြန်သော မဲဆန္ဒရှင်သတင်းအချက်အလက် ထုတ်ပြန်ချက်များ
  • ဒေသခံကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံးမေးမြန်းချက်များ

 

အဆင့် ၃။ လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များအပေါ် ကိုယ်စားလှယ်လောင်း၏ ရပ်တည်ချက်

အဆင့် ၄။ ကိုယ်စားလှယ်လောင်း၏ ခေါင်းဆောင်မှုစွမ်းရည်ကို အကဲဖြတ်ပါ။

ခေါင်းဆောင်ကောင်းဆိုသည်မှာ

  • ရိုးသားမှု၊ ပွင့်လင်းမှု၊ အကြပ်အတည်များကြားတွင် အလုပ်လုပ်နိုင်မှုရှိရဲ့လား ထည့်သွင်းစဉ်းစားရမည်။
  • ဒေသတွင်း ကိုယ့်ရပ်ရွာအတွင်း ဖြစ်ပေါ်နေသည့် အဓိကကျသော အရေးကိစ္စရပ်များကို အမှန်တကယ် နားလည်မှုရှိရဲ့လား သိရမည်။
  • ကိုယ်စားလှယ်လောင်း၏ နောက်ခံအချက်အလက်များနှင့် အတွေ့အကြုံ
  • အရေးကိစ္စများ အလုပ်တာဝန်များအတွက် ကြိုတင်ပြင်ဆင်ထားမှု ရှိရမည်။
  • နိုင်ငံရေးနှင့် ပတ်သက်သည့် အတွေ့အကြုံ (လူထုလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု)
  • အခြေခံကျတဲ့ အရေးကိစ္စတွေကို ဆောင်ရွက်သည့်နေရာမှာ လူထုကို တကယ်ကိုယ်စားပြုနိုင်ခြင်း ရှိမရှိ
  • ဒေသတွင်း လတ်တလောတွေ့ကြုံခံစားနေရသော ကိစ္စရပ်များကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိမရှိ
  • ဒေသတွင်း လတ်တလော တွေ့ကြုံခံစားနေရသော ကိစ္စရပ်များကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိမရှိ
  • ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးမှုကို လေ့လာခြင်း
  • Campaign Material များကို ပြန်လည်သုံးသပ်ခြင်း

 

အဆင့် ၅။ ရလာသော အချက်အလက်များကို စီစစ်ပါ

  • အချက်အလက်များကို စီစဉ်မှု၊ နှိုင်းယှဉ်မှုများ ပြုလုပ်သင့်သည်။
  • ရလာသော သတင်းအချက်အလက်များကို အောက်ပါမေးခွန်းများအား မေးမြန်းခြင်းဖြင့် ပြန်လည်သုံးသပ်သင့်သည်။
  • မည်သည့်ကိုယ်စားလှယ်လောင်းသည် ရပ်ရွာတွင်ဖြစ်ပေါ်နေသော ကိစ္စရပ်များတွင် မိမိနှင့် အနီးစပ်ဆုံး တူညီမှုရှိသလဲ
  • မည်သည့် ကိုယ်စားလှယ်လောင်းသည် မဲဆွယ်စည်းရုံးမှုများကို မျှမျှတတ လုပ်ဆောင်သွားသလား
  • မည်သူသည် ဖြစ်ပေါ်နေသော အရေးကိစ္စများအပေါ် ဘယ်လောက်အထိ သိထားသလဲ
  • မည်သည့် ကိုယ်စားလှယ်လောင်းမှာ သင်ရှိစေချင်တဲ့ ခေါင်းဆောင်မှု စွမ်းရည်/ အရည်အချင်းတွေ ရှိကြောင်း လေ့လာသုံးသပ်မိပါသလား

 

အဆင့် ၆။ ကိုယ်စားလှယ်လောင်းအပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်၊ အမြင်များကို လေ့လာပါ။

  • ကိုယ်စားလှယ်လောင်းကို အခြားသူများက မည်သို့မြင်သလဲ
  • ဒေသတွင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို ထက်ထက်မြက်မြက် ကိုင်တွယ်ဖြေရှင်းနိုင်လား
  • ကိုယ့်ရပ်ရွာထဲက သူတွေရဲ့ ဆန္ဒသဘောထားများကို မေးမြန်းခြင်း (မိသားစု မဟုတ်သည့်သူများ - ဥပမာ - ဈေးဆိုင်ရှင်၊ အိမ်နီးနားချင်း၊ နိုင်ငံရေး စိတ်ဝင်စားသူ၊ နိုင်ငံရေးနှင့် ပတ်သက်ပြီး တက်ကြွစွာလုပ်ဆောင်နေသည့် စေတနာ့ဝန်ထမ်းများ)
  • ကိုယ်စားလှယ်လောင်းကို ပံ့ပိုးပေးနေသူများ၊ ထောက်ခံနေသူများ ထိုသို့ ထောက်ခံပေးနေခြင်း၏ အကြောင်းအရင်း (ဥပမာ။ ။ စီးပွားရေးသမားများ၊ ထင်ပေါ်ကျော်ကြားလူတိများသူများ၊ စသည်ဖြင့်)
  • ထောက်ခံအားပေးနေသော အစုအဖွဲ့များ၏ ရပ်တည်ချက်

 

အဆင့် ၇။ မိမိလိုလားသည့် ကိုယ်စားလှယ်လောင်းအား ရွေးချယ်ဆုံးဖြတ်ပါ

  • ကိုယ်စားလှယ်လောင်းအား ရွေးချယ်ရာတွင် နည်းလမ်းနှစ်ခုဖြင့် အကဲခတ်ဆုံးဖြတ်နိုင်သည်။
  • ကိုယ်စားလှယ်လောင်းများ အဓိကထားသည့် Issue (ကိစ္စရပ်များ)
  • ကိုယ်စားလှယ်လောင်း၏ ခေါင်းဆောင်မှုအရည်အချင်းနှင့် အတွေ့အကြုံ

 

(၃) မဲဆန္ဒရှင်များအား အသိပညာပေးခြင်း

ရွေးကောက်ပွဲ မကျင်းပမီကာလတွင် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မဲဆန္ဒရှင်အသိပညာပေးခြင်း သင်တန်းများကို ဖွင့်လှစ်ပို့ချပါသည်။ ရွေးကောက်ပွဲကော်မရှင်မှလည်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အခါအားလျော်စွာ ထုတ်ပြန်ပေးပါသည်။ ယင်းတို့မှ ရရှိသော အချက်အလက်သတင်းမှန်များပေါ်တွင် အခြေခံ၍ မိမိတို့ရွာ၊ မြို့နယ်များမှ ပြည်သူလူထုများအား မဲပေးပုံမဲပေးနည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဖြန့်ဝေခြင်း၊ မျှဝေခြင်းများ ပြုလုပ်ခြင်းဖြင့်လည်း ပါဝင်နိုင်ပါသေးသည်။

(၄) မဲရုံတွင် စေတနာ့ဝန်ထမ်း အဖြစ်ပါဝင်ခြင်း

နောက်ထပ်ပါဝင်နိုင်သည့် နည်းလမ်းတစ်ခုမှာ မဲရုံတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မိမိတို့အနေဖြင့် မိမိတို့ရပ်ရွာကို မဲရုံများတွင် မဲရုံအဖွဲ့ဝင်များဖြစ်သည့် မဲလက်မှတ်ထုတ်ပေးသူ၊ မဲလက်မှတ်စစ်ဆေးသူ အစရှိသည့် နေရာများမှလည်း ကူညီပေးနိုင်ပါသေးသည်။ ထိုသို့ ပါဝင်ကူညီရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသေးသည်။

(၅) မဲဆန္ဒရှင်စာရင်းကို သွားရောက်စစ်ဆေးခြင်း

မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲစာရင်းကို စစ်ဆေးရန် လိုအပ်ပါသည်။ မဲစာရင်းတွင် ပါဝင်သောသူများသာ မဲပေးခွင့်ရရှိမည်ဖြစ်ပါသည်။ မိမိတို့ အမည်စာရင်းမပါလျှင်သော်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင်လည်းကောင်း၊ အခြားသော သေဆုံးသူများ၏ အမည်များ ပါဝင်နေလျှင်သော်လည်းကောင်း ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ မိမိတို့ရပ်ရွာမှ ပြည်သူများအားလည်း မဲဆန္ဒရှင်စာရင်းထုတ်ပြန်ခြင်းအား သွားရောက်စစ်ဆေးရန် တိုက်တွန်းခြင်းများလည်း လုပ်ဆောင်နိုင်ပါသည်။

(၆) ရွေးကောက်ပွဲနေ့တွင် ပါဝင်မဲပေးခြင်း

ရွေးကောက်ပွဲနေ့တွင် မိမိကိုယ်တိုင် မဲရုံသို့သွား၍ မိမိရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်သည်။ ရွေးကောက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မဲပေးခြင်းဖြင့် ဒီမိုကရေစီဖြစ်စဉ်တွင် တက်ကြွနိုင်ငံသားတစ်ဦး အနေဖြင့် ပါဝင်နိုင်ပါသည်။

(၇) ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံးများတွင် မဲပေးနေမှုကိုလည်းကောင်း ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ လေ့လာစောင့်ကြည့်နိုင်ပါသည်။ မိမိမဲပေးခဲ့သောမဲရုံးတွင် မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်နိုင်ပါသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဆိုသည်မှာ နိုင်ငံတော်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ကွင်းဆင်းပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အသိအမှတ်ပြုထားသူဖြစ်သည်။

  • ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ
  • နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ

 

စည်းကမ်းချက်များ

(၁) စောင့်ကြည့်လေ့လာသော အဖွဲ့အစည်းများသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများဖြစ်ပြီး လွတ်လပ်သည့်ငွေကြေးထောက်ပံ့မှု အရင်းအမြစ်များ ရှင်းလင်းစွာ ဖော်ပြနိုင်သည့် အဖွဲ့အစည်းများဖြစ်ရမည်။

(၂) နိုင်ငံတော်၊ မြို့နယ်၊ ခရိုင်အဆင့်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအား ကွင်းဆင်းပြုလုပ်နိုင်ရန်ပြည်ထာင်စု ရွေးကောက်ပွဲကော်မရှင်မှ အသိအမှတ်ပြုခွင့်ပြုချက်ကို လျှောက်ထားရမည်။

(၃) တရားဝင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကဒ်နှင့် မိမိမှတ်ပုံတင်ကဒ်အား ယူဆောင်လာရမည်။

 

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အခွင့်အရေးများ

  • မဲရုံပြင်ဆင်ခြင်းနှင့် ဖွင့်လှစ်ခြင်းကို ကြည့်ရှုနိုင်သည်။
  • မဲရုံတွင် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို စောင့်ကြည့်လေ့လာနိုင်သည်။
  • စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းများ မှတ်တမ်းမှတ်ယူရန် လိုအပ်သော ပစ္စည်းများကို အသုံးပြုနိုင်သည်။

(STEP Democracy မှ ပြုစုရေးသားပါသည်။)