'Support to Electoral Processes and Democracy - STEP Democracy'

ပြည်သူတို့၏ မဲပေးပိုင်ခွင့်

လူ့အခွင့်အရေးဆိုသည်မှာ ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများဖြစ်ပြီး လူသားတိုင်းမွေးရာပါ အခွင့်အရေးလည်းဖြစ်သည်။ လူ့အခွင့်အရေးသည် ဒီမိုကရေစီနှင့် နီးကပ်စွာဆက်စပ်လျှက်ရှိသည်။ လူ့အခွင့်အရေးသည်လူသားများကို အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြစေရန် လိုအပ်သော ကုန်ထုတ်လုပ်မှုဝန်ဆောင်မှုနှင့် အခွင့်အရေးများကိုလည်း လက်လှမ်းမီအောင် ဖြည့်ဆည်းပေးသည်။ ထို့အပြင် ၎င်းသည် စိုးရိမ်ထိတ်လန့်မှုမရှိဘဲ ပူးပေါင်းပါဝင်နိုင်ရန်လုံခြုံမှုနှင့် ယုံကြည်ချက်တို့ကိုလည်း ဖြည့်စွမ်းပေးသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ဥပဒေတွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်မည်ဟု ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းသည် လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိသည်။ ယင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ်(၂၁)တွင် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားပါသည်။

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များာမှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။

(၃) အစိုးရ၏ အာဏာသည် ပြည်သူပြည်သားတို့၏ ဆန္ဒအပေါ်တွင် အခြေခံဖြစ်ရမည်။  အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့် ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြစ်ဖြစ်စေ၊ ကျင်းပရမည်။

လူတိုင်းသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေအောက်တွင် (နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ နေထိုင်သူအဖြစ်သော်လည်းကောင်း) သတ်မှတ်ထားသည့် မှတ်ပုံတင်ခြင်းဖြစ်စဉ်များနှင့်အညီ လုပ်ဆောင်ပါက ခွဲခြားဆက်ဆံခံရခြင်းများမရှိပဲ ပါဝင်မဲပေးခွင့်ရရှိရမည်ဖြစ်သည်။

ကိုယ်စားပြုဒီမိုကရေစီ

လူတိုင်းသည် မိမိတို့နိုင်ငံ၏ စီမံအုပ်ချုပ်ရေးတွင် တိုက်ရိုက်သော်လည်းကောင်း လွတ်လပ်စွာ ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ခြင်းဖြင့်သော်လည်းကောင်း ပါဝင်နိုင်ရန် အခွင့်အရေးရှိပါသည်။ အစိုးရအာဏာ၏ အခြေခံသည် ပြည်သူလူထု၏ ဆန္ဒဖြစ်ရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်ရန် ပုံမှန်ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများမှတဆင့် ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲများသည် နိုင်ငံတကာစံနှုန်းများနှင့်အညိ လျှို့ဝှက်မဲပေးနိုင်သော၊ လွတ်လပ်စွာမဲပေးနိုင်သော လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ပါသည်။

မဲပေးခြင်းသည် ဒီမိုကရေစီနိုင်ငံတော်၏ အခြေခံလမ်းညွှန်ချက် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်များ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေနိုင်စေရန်လည်း ထိန်းကျောင်းနိုင်သည်။ ထို့အပြင် ခေါင်းဆောင်များအနေဖြင့် ၎င်းတို့မည်သို့ စွမ်းဆောင်ခဲ့ကြသည်ကို ပြန်လည်သိရှိနိုင်စေရန်လည်း အထောက်အကူပြုသည်။ ရွေးကောက်ပွဲတွင် နိုင်ငံသားများသည် ၎င်းတို့ရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းများကို မဲပေးကြသည်။ ရွေးချယ်တင်မြှောက်ခံရသော ကိုယ်စားလှယ်များသည် နိုင်ငံ၏ အစိုးရဖြစ်လာကြသည်။ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များသည် ပြည်သူကိုကိုယ်စားပြု၍ သတ်မှတ်ကာလာတစ်ခုအတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲမှတဆင့် မဲဆန္ဒနယ်များကို အခြေခံ၍ဖြစ်စေ၊ အချိုးကျကိုယ်စားပြု စနစ်ဖြင့်ဖြစ်စေ၊ ပုံစံနှစ်မျိုးစလုံးကို ပေါင်းစပ်၍ဖြစ်စေ ရွေးချယ်တင်မြှောက်ခံကြရသည်။

ဒီမိုကရေစီနိုင်ငံအများစုသည် ရေးသားပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့) အမြင့်ဆုံးဥပဒေကို ဥပဒေပြုပုဂ္ဂိုလ်များနှင့် ၎င်းတို့ရေးဆွဲမည့် ဥပဒေများ၏ အခြေခံလမ်းညွှန်ချက် အဖြစ်ထားလေ့ရှိကြသည်။ ရေးသားပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အစိုးရမှ ကာကွယ်ရန်နှင့် ဖြည့်ဆည်းရန် အာမခံပေးထားသည်။

စစ်မှန်သော ဒီမိုကရေစီ၏အင်အားသည် အခြေခံလူ့အခွင့်အရေးများနှင့် လွတ်လပ်မှုများ ပေါ်တွင်မူတည်သည်။ ဒီမိုကရေစီကို အောင်မြင်မှုရရှိစေရန် နိုင်ငံသားများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရမည်။ နိုင်ငံအတော်များများသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ကာကွယ်ထားသည်ကို တွေ့ရှိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏ တည်ဆောက်ပုံနှင့် လုပ်ငန်းလည်ပတ်ပုံများကိုလည်း ပြဌာန်းသတ်မှတ်ပေးသည်။ ၎င်းသည် ဥပဒေရေးဆွဲပြဌာန်းရေးအတွက်လည်း လမ်းညွှန်သတ်မှတ်ပေးသည်။ ထိုအချက်များကို ပြင်ဆင်ရန် ပုံမှန်အားဖြင့် အစိုးရအဖွဲ့မှ အများစု၏ သဘောတူညီချက်လိုအပ်ပြီး မဲဆန္ဒရှင်များကို ချပြ၍ လူထုဆန္ဒခံယူပွဲများကျင်းပရန်လည်း လိုအပ်သည်။

ဒီမိုကရေစီ၊ ရွေးကောက်ပွဲနှင့် တာဝန်ခံမှု

ရွေးကောက်ပွဲများသည် ကိုယ်စားပြုဒီမိုကရေစီတွင် အခြေခံအကျဆုံး အုတ်မြစ်တစ်ခုဖြစ်သည်။

  • နိုင်ငံတစ်ခု၏ ရွေးကောက်ပွဲကျင်းပပုံ နည်းစနစ်များကို လေ့လာခြင်းအားဖြင့် ထိုနိုင်ငံ၏ ဒီမိုကရေစီအလေ့အထနှင့် ဒီမိုကရေစီရေချိန်ကို တိုးတာနိုင်ပါသည်။
  • ယေဘုယျအားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ရွေးကောက်ပွဲများကို ကျင်းပရာတွင် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေများမှ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေများအပေါ် အခြေခံ၍ ကျင်းပပြုလုပ်ကြပါသည်။
  • နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော နိုင်ငံသားတစ်ယေယာက် တာဝန်နှင့် ရပိုင်ခွင့်ဥပဒေများသည် ယင်းနိုင်ငံ၏ ဒီမိုကရေစီအုပ်ချုပ်မှုနှင့် ဒီမိုကရေစီယဉ်ကျေးမှုတို့ကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
  • မဲဆန္ဒရှင်ပြည်သူများသည် ကောင်းမွန်သော အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ရန် ရွေးကောက်ပွဲပွဲများကို အသုံးပြုကြပါသည်။ ရွေးကောက်ပွဲများသည် အစိုးရတစ်ရပ်ကို တာဝန်အပ်နှင်းသည်။ ရွေးကောက်ပွဲများသည် ရွေးကောက်ခံကိုယ်စားလှယ်များ၏ ကတိကဝတ်များအပေါ်တာဝန်ခံမှု တာဝန်ယူမှု၏ အခြေခံလည်းဖြစ်သည်။ အစိုးရများသည် မိမိအားရွေးချယ် တင်မြှောက်လိုက်သော ပြည်သူလူထု အပေါ်တာဝန်ခံရသည်။
  • ဒီမိုကရေစီနည်းလမ်း (တစ်နည်းအားဖြင့်) လွတ်လပ်မျှတသော၊ အားလုံးပါဝင်သော ရွေးကောက်ပွဲများဖြစ်ခဲ့လျှင် ယင်းရွေးကောက်ပွဲများမှတဆင့် တက်လာသော အစိုးရသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ကိုယ်စားပြုမှုရှိသည်။
  • ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများတွင် ပုံမှန်မဲပေးခြင်းအားဖြင့် ၎င်းတို့၏ နိုင်ငံရေးနှင့် ပတ်သက်သော အခွင့်အရေးကို ကျင့်သုံးနိုင်သည်။ ထို့အပြင် နိုင်ငံတကာဥပဒေအရ အရွယ်ရောက်ပြီးသော နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် မဲပေးခွင့်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ သို့သော် ရွေးကောက်ပွဲများကျင်းပခြင်းသည် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် တစ်ခုတည်းသော အဖြေတစ်ခုဟု ထင်မှတ်၍မရပေ။ ရွေးကောက်ပွဲများကျင်းပခြင်းသည် ဒီမိုကရေစီတည်ဆောက်ရာတွင် ပထမဆုံးလိုအပ်သော အဆင့်တစ်ခုသာဖြစ်သည်။ ရွေးကောက်ပွဲများတွင် အလွဲသုံးစားလုပ်ခြင်းနှင့် မစဉ်းစားမဆင်ခြင်ဘဲ ပြီးစလွယ်မဲပေးခြင်းကြောင့် ဒီမိုကရေစီစနစ် ပျက်ဆီးသွားနိုင်သည်။ သို့ဖြစ်၍ လွတ်လပ်သန့်ရှင်းပြီးတရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်လာရန် အရေးကြီးသည်။
  • ပြည်သူများသည် မိမိတို့ကို ကိုယ်စားပြု၍ မိမိတို့လိုလားသော မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့်သူများကို ရွေးကောက်ပွဲမှတဆင့် အစိုးရအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်တင်မြှောက်သည်။ အလားတူပင် မိမိတို့မလိုလားသော ကိုယ်စားလှယ် (သို့) ပါတီများကို နောင်ရွေးကောက်ပွဲတွင် ပြန်လည်တင်မြှောက်ခံရခြင်း မရှိစေရန်လည်း ရွေးကောက်ပွဲတွင် မဲထွက်ပေးခြင်းဖြင့် တားမြစ်နိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံသော ကိုယ်စားလှယ် (သို့) ပါတီများသည် မိမိတို့ ရွေးချယ်တင်မြှောက်ခံရပြီး အစိုးရဖြစ်လာသောအခါ အကောင်အထည်ဖော်မည့်မူဝါဒများကို မဲဆန္ဒရှင်များထံချပြ၍ ၎င်းမူဝါဒများကို အမှန်တကယ် အကောင်အထည်ဖော်ကြမည် ဖြစ်ကြောင်းကိုလည်း ကတိကဝက်ပြုကြသည်။
  • မဲဆန္ဒရှင်များမှ မိမိကြိုက်နှစ်သက်သော၊ မိမိတို့အတွက် အကျိုးဖြစ်ထွန်းမည့်ဟု ယူဆသော မူဝါဒများကို အကောင်အထည်ဖော်မည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် ရွေးချယ်သည်။ ထို့အပြင် ၎င်းတို့တာဝန်ထမ်းဆောင်နေကြစဉ်ကာလအတွင်း ၎င်းတို့ကတိပေးခဲ့သည့် မူဝါဒများကို အမှန်တကယ် ဖော်ဆောင်ခဲ့ခြင်း ရှိမရှိနှင့် မည်မျှထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့ကြသနည်းဟူသည့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို လေ့လာသုံးသပ်၍ နောင်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ရန် (သို့) မရွေးချယ်ရန် မဲဆန္ဒရှင်များအနေဖြင့် ဆုံးဖြတ်နိုင်သည်။
  • ကိုယ်စားလှယ်များသည်လည်း နောင်ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရပါက မိမိတို့ ကတိကဝတ်ပေးခဲ့သော မူဝါဒများကို အမှန်အတကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း နားလည်ကြမည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဒီမိုကရေစီတွင် အစိုးရများမှ ပြည်သူလူထုကို တာဝန်ခံရမည်ဖြစ်သည်။

(STEP Democracy မှ ပြုစုရေးသားပါသည်။)