'Support to Electoral Processes and Democracy - STEP Democracy'

နိုင်ငံတော် တည်ဆောက်မှုပုံစံ

နိုင်ငံတော် တည်ဆောက်မှုပုံစံ

ဥပဒေပြုရေး

ဥပဒေပြုရေးဆိုသည်မှာ မတူကွဲပြားသော လူမှုအစုအဖွဲ့အသီးသီးမှ ရွေးကောက်ပွဲတင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များမှ စုဝေး၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို အတူတကွဆောင်ရွက်ရာ အင်စတီကျူးရှင်း တစ်ရပ်ဖြစ်သည်။ ဥပဒေပြုရေး၏ အဖွဲ့ဝင်များသည် မိမိတို့ကို ရွေးကောက်ပွဲထားကြသူမဲဆန္ဒရှင်တို့၏ ရပိုင်ခွင့်များ၊ လုပ်ငန်းများကို ကိုယ်စားပြုနေကြသည်။

ဥပဒေပြုသူတိုင်းသည် မိမိတို့ မဲဆန္ဒရှင်များ၏ လိုအပ်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်ကြသည်။ ဥပဒေပြုမဏ္ဍိုင်တွင် ပြည်ထောင်စုအဆင့် (ဗဟိုအဆင့်) ၌ ပြည်ထောင်စုပါလီမန် (လွှတ်တော်) နှင့် ဒေသန္တရအဆင့်၌ ပြည်နယ် (သို့) တိုင်းဒေသကြီးပါလီမန် (လွှတ်တော်) များပါဝင်သည်။ ဥပဒေပြုမဏ္ဍိုင်များသည် အစိုးရအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် ဥပဒေပြုရန်တာဝန် ရှိကြသည်။

အုပ်ချုပ်ရေး

အုပ်ချုပ်ရေးသည် ဥပဒေပြုရေးမှပြုဌာန်းထားသည် ဥပဒေများကို အကောင်အထည် ဖော်ပေးရန် တာဝန်ရှိသည်။ အုပ်ချုပ်ရေးအနေဖြင့် ဥပဒေများ (ချမှတ်ပြဌာန်းပြီးသော ဥပဒေများ၊ မူဝါဒများ)ကို လက်တွေ့ပုံပေါ်လာစေရေးအတွက် အခွင့်အရေးတာဝန်နှင့် အာဏာတို့ကို ပိုင်ဆိုင်ထားကြသည်။ လက်တွေ့ပုံဖော်ပေးမှုများတွင် အရင်းအမြစ်များ မျှဝေခြင်း အဖွဲ့အစည်းများ တည်ထောင်ခြင်း စသည်တို့ပါဝင်ကြသည်။ ဥပမာ အားဖြင့် ဆိုရသော် စက်ရုံတိုင်း လေထုညစ်ညမ်းမှု လျှော့ချထုတ်လွှတ်ရန် ဟူသည့် ဥပဒေတစ်ရပ်ကို ပြဌာန်းထားပါက သင့်လျော်သည့် လေ့ကျင့်ပေးမှုများ ကိရိယာများ၊ အရင်းအမြစ်များကို ပံ့ပိုးပေးရန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်၏ တာဝန်ပင်ဖြစ်သည်။

အုပ်ချုပ်ရေး မဏ္ဍိုင်သည် နိုင်ငံတော်အတွင်းသာမက နိုင်ငံတကာလုပ်ငန်းကဏ္ဍ အသီးသီး၌ ဆောင်ရွက်ရသည်။ ထိုမဏ္ဍိုင်၏ အရေးပါသော လုပ်ငန်းများအနက်မှ အချို့တို့မှာ

  • သံတမန်ဆက်ဆံရေး (အခြားသောနိုင်ငံများနှင့် ဆက်နွယ်မှု)
  • အစိုးရဘတ်ဂျတ်ကို  ရေးဆွဲသတ်မှတ်ခြင်း
  • စစ်တပ်ကို ထိန်းချုပ်မှု
  • ပြည်သူ့ဝန်ထမ်းများအား စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု
  • အရေးအပေါ် ကာလအခြေအနေ ဦးဆောင်မှု (ဥပမာ - သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်နှင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားချိန်)

အုပ်ချုပ်ရေးတိုင်းတွင် အစိတ်အပိုင်းနှစ်ရပ် ပါဝင်သည်။ နိုင်တော်ကြီးအကဲ ဦးသျှောင်မှာ နိုင်ငံကိုယ်စားပြု ခေါင်းဆောင်ဖြစ်ပေသည်။ ထိုသူတို့သည် နိုင်င့ကိုယ်စား ပြောဆိုဆွေးနွေးရန်နှင့် နိုင်ငံတော်အခမ်းအနားများတွင် ပါဝင်ရန် တာဝန်ရှိသည်။ ဒုတိယအနေဖြင့် အစိုးရ၏ အကြီးအကဲဖြစ်သည်။ ထိုသူတို့မှာ အစိုးရလည်ပတ်ရေးအတွက် လုပ်ငန်းတာဝန်များကို စီမံကြ၇သည်။ ထို့အပြင် Cabinet ခေါ် ဝန်ကြီးများအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ထမ်းဆောင်ရသည်။

ဝန်ကြီးတစ်ဦးစီသည် အစိုးရစီမံဆောင်ရွက်သော နယ်ပယ်များဖြစ်သည့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးစသည်တို့အတွက် လုပ်ငန်းတာဝန်များ အားလုံးကို ကိုင်တွယ်စီမံကြရသည်။

နိုင်ငံအချို့တို့တွင် သမ္မတ (သို့မဟုတ်) ဘုရင်ဧကရာဇ်သည် နိုင်ငံတော်၏ ဥသျှောင်အကြီးအကဲ ဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည်။ ထိုပုံစံကို ပါလီမန်စနစ်ဟု ခေါ်တွင်သည်။ အခြားသော နိုင်ငံတို့တွင်မူ နိုင်ငံတော်အကြီးအကဲ၏ လုပ်ငန်းကဏ္ဍများနှင့် အစိုးရအဖွဲ့အစည်းအကဲတို့၏ အခန်းကဏ္ဍတို့မှာ တစ်ဦးတည်း အနေဖြင့် (အများအားဖြင့် သမ္မတရာထူးအနေဖြင့် တွဲစပ်ထားသည်) ၎င်းကို သမ္မတစနစ်ဟု ခေါ်ဝေါ်သတ်မှတ်သည်။

အုပ်ချုပ်ရေးမှ ပိုင်ဆိုင်ထားသည့် အာဏာအနည်းအများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခြားနားမှု ရှိကြသည်။ သမ္မတစနစ်အချို့တွင် သမ္မတများသည် ဥပဒေပြုရေးမှ ရေးဆွဲထားသည့် ဥပဒေများကို အကြံပေးခြင်းလက်ခံခြင်း ဗီတိုအာဏာကျင့်သုံးခြင်း (ပယ်ချခြင်း) တို့ကို ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံအချို့တွင်မူ သမ္မတတို့၏ အခန်းကဏ္ဍများ ဥပဒေပြုရေးက ဥပေဒများကို အကောင်အထည်ဖော်ရန်သာဖြစ်သည်။ ထိုအခြေအနေမျိုးတွင်မူ ဥပဒေပြုရေး၏ ဆုံးဖြတ်ချက်ချမှုများအပေါ် သမ္မတအာဏာ သက်ရောက်ခွင့် မရှိကြချေ။

တရားစီရင်ရေး

တရားစီရင်ရေးသည် ဥပဒေသက်ရောက်စေရန် တာဝန်ရှိပေသည်။ (ဒီမိုကရက်တစ်) တရားစီရင်ရေး၏ အဓိကကျသည့်တာဝန်မှာ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုကို ထောက်ပံ့ပေးရန်ဖြစ်သည်။ ထို့သို့ထောက်ပံ့ပေးရန် နိုင်ငံသားအချင်းချင်းကြား သို့မဟုတ် နိုင်ငံသားများနှင့် နိုင်ငံတော်တို့အကြား ပဋိက္ခများကို မျှမျှတတဖြေရှင်းပေးရန် အမှုအခင်းများကို ကိုယ်တွင်ပေးရန် တာဝန်ရှိပေသည်။

တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေး၏ ဖိအားပေးမှုများ သို့မဟုတ် တရားသူကြီးများနှင့် နိုင်ငံရေးသမားတို့အကြား နီးကပ်လွန်းသည့် ဆက်နွယ်ပတ်သက်မှုများက တရားစီရင်ရေး၏ လွတ်လပ်မှုကို အားလျော့စေမည်။ ထိုအကြောင်းကြောင့်လည်း တရားသူကြီးများကို ဂရုတစိုက်ရွေးချယ်ကြရပြီး နှစ်ကာလကြာမြင့်စွာ ထမ်းဆောင်ကြရသည်။ (တခါတရံ လက်ကျန်ဘဝ သက်တမ်းတစ်လျှောက် တာဝန်ယူကြရသည်။)

မြန်မာနိုင်ငံ၏ ဥပဒေပြုရေး

  • ပြည်ထောင်စုအဆင့် ဥပဒေပြုရေး

ပြည်ထောင်စုအဆင့် ဥပဒေပြုရေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဟူ၍ လွှတ်တော်နှစ်ရပ်ပါဝင်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ကိုပေါင်း၍ ပြည်ထောင်စုလွှတ်တော်ဟု ခေါ်တွင်စေသည်။ လွှတ်တော်၏ သက်တမ်း - (၅) နှစ်လွှတ်တော် နှစ်ရပ်စနစ်ကို ကျင့်သုံးသည်။

ပြည်သူ့လွှတ်တော်။  ။ တစ်မြို့နယ်လျှင် စေလွှတ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ဦီး + တပ်မတော်သား ကိုယ်စားလှယ် (၂၅%) ၁၁၀ဦီး (စုစုပေါင်း ၄၄၀ ဦး)

အမျိုးသားလွှတ်တော်။  ။ တိုင်းဒေသကြီး/ပြည်နယ် အားလုံးက ၁၂ဦးစီ အညီအမျှစေလွှတ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ဦး + တပ်မတော်သားကိုယ်စားလှယ် (၂၅%) ၅၆ ဦီး (စုစုပေါင်း ၂၂၄ ဦး)

  • တိုင်းနှင့်ပြည်နယ်အဆင့် ဥပဒေပြုရေး

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီ၏ ဥပဒေပြုရေးလွှတ်တော်ကို ဖွဲ့စည်းရာတွင် အောက်ပါကိုယ်စားလှယ်များပါဝင်သည်။

မြို့နယ်(၁)မြို့နယ်လျှင် (၂) ဦးကျစီစေလွှတ်သော တိုင်း (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ - လူဦးရေး၏ (၀.၁%) ရှိသော တိုင်းရင်းသားများအတွက် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးကျစီ၊ တပ်မတော်သား ၂၅%

မြို့နယ်ပေါင်း ၃၃၀ - ပြည်ထောင်စုမြေ ၈ မြို့နယ် = ၃၂၂ မြို့နယ်

၃၂၂မြို့နယ် × ၂ = ၆၄၄ ဦး + တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦး = ၆၇၃ ဦး + တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၂၂ဦး = ၈၉၅ ဦး တို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး

ပြည်ထောင်စုအဆင့်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယ - သမ္မတ(၂) ဦး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ဖွဲ့စည်းထားသည်။ ပြည်ထောင်စုရှေ့နေချုပ်သည် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ဥပဒေရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အကြံပေးရသည်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ပုံ

  • သမ္မတကို ပြည်သူတို့မှ တိုက်ရိုက်ရွေးကောက် မတင်မြှောက်ချေ။
  • ပြည်ထောင်စုလွှတ်တော်၏ အဖွဲ့ဝင်များသည် သမ္မတလောင်းသုံးဦး၏ အမည်စာရင်းကို တင်သွင်းရသည်။ (ပြည်သူ့လွှတ်တော်မှ ရွေးချယ်ထားသူတစ်ဦး၊ အမျိုးသားလွှတ်တော်မှ ရွေးချယ်ထားသူတစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှ ရွေးချယ်ထားသူတစ်ဦးတို့ဖြစ်ကြသည်။
  • သမ္မတလောင်းများမှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်သလို လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများလည်း ဖြစ်နိုင်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ရွေးကောက်တင်မြှောက်ပုံ

သမ္မတအနေဖြင့် အစိုးရအဖွဲ့၏ ဝန်ကြီးအများစုကို ခန့်အပ်ထားရှိရန်တာဝန်ရှိသည်။ ဝန်ကြီးဌာနအရေအတွက်ကို နိုင်ငံတော်သမ္မတမှ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းနိုင်သည်။ (ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ မပါဝင်ကြချေ။ ထိုနေရာများအတွက် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားရှိသည်။)

တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ခန့်အပ်ရာတွင် နိုင်ငံတော်သမ္မတမှ သက်ဆိုင်ရာ ပြည်နယ်(သို့) တိုင်းဒေသကြီး လွှတ်တော်သို့ အမည်စာရင်းတင်သွင်းပြီး ယင်းလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခန့်ထားရသည်။ သက်ဆိုင်ရာ ရွေးချယ်ခန့်အပ်ခံရသော ဝန်ကြီးချုပ်မှ အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ပေးရသည်။ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ဝန်ကြီးများကို ခန့်အပ်ရာတွင် ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များထဲမှပါ အပြင်ကပါ ခန့်ထားနိုင်သည်။

  • (၀.၁) ရာခိုင်နှုန်း လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများ
  • နယ်/လုံ ဝန်ကြီးအဖြစ် တပ်မတော်သားတစ်ဦး
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ဒေသဥက္ကဌများ (သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအနက်မှ တစ်ဦးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းမှုဖြင့်ရွေးချယ်၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတတို့ထံ ခန့်အပ်ရသည်။)

မြန်မာနိုင်ငံ၏ တရားစီရင်ရေး

အခြေခံဥပဒေဆိုင်ရာ ခုံရုံး

အစိုးရအတွင်း အာဏာပိုင်းခြားသတ်မှတ်ခြင်းက မဏ္ဍိုင်အသီးသီးတို့၏ တာဝန်များအကြား ထိပ်တိုက် ပဋိက္ခဖြစ်လာစေနိုင်သည်။ ဥပမာဆိုရသော် အခြေခံဥပဒေအရ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခွင့်ရှိကြောင်း အုပ်ချုပ်ရေးအနေဖြင့်ရော ဥပဒေပြုရေးကပါ တစ်ပြိုင်တည်း နားလည်လက်ခံထားနိုင်သည်။ ထိုသို့သော ကဋိက္ခမျိုးကို မျှမျှတတဖြေရှင်းပေးရန်မှာ ကြားနေအဖွဲ့တစ်ဖွဲ့လိုအပ်သည်။

ထိုကဲ့သို့ သော တရာစီရင်မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အဓိက တာဝန်ယူရသည်။ ထိုတရားရုံးသည် အစိုးရပြဌာန်းထားသည့် ဥပဒေများသည် ဖွဲ့စည်းပုံပါအခြေခံ ဥပဒေများနှင့် ကိုက်ညီမျုရှိအောင် စစ်ဆေးပေးရပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍများမှာ -

  • ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖွင့်ဆိုရှင်းလင်းပေးရန်
  • တရားစီရင်ရေးဆိုင်ရာ ဆန်းစစ်မှုအာဏာကိုထမ်းရွက်ရန် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့၏ ဥပဒေများ၊ လုပ်ဆောင်ချက်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းပါက တရား မဝင်ကြောင်းကြေညာနိုင်သည်။
  • အစိုးရ၏ မဏ္ဍိုင်အချင်းချင်းကြား ပဋိပက္ခများကို ဖြေလျော့ပေးရန်။
  • အာဏာအလွဲသုံးစားပြုမှုများကို စစ်ဆေးပေးရန်။
  • နိုင်ငံသားများက မိမိတို့၏ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများ ဖောက်ဖျက်ခ့ရသည်ဟု အရေးဆိုလာသည့် ဖြစ်ရပ်များအတွက် ဆုံးဖြတ်ပေးရန်တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တရားရုံအဆင့်ဆင့်

အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံများရှိသည်။ ထိုအဆင့်တို့တွင် မဆုံးဖြတ်နိုင်သော အမှုကိစ္စရပ်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပေးပို့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် - ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့်

  1. မြန်မာနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများအကြား ချုပ်ဆိုသော စာချုပ်များ
  2. ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့အကြား ဖြစ်ပွားသည့် ဥပဒေကိစ္စရပ်များ
  3. တိုင်းဒေသကြီး/ပြည်နယ်အစိုးရအကြား အစရှိသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့်ရှိသည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား ခန့်အပ်ခြင်း

  • သမ္မတအနေဖြင့် တရားသူကြီးချုပ်ရာထူးကို ခန့်အပ်ရန် အမည်တင်သွင်းရသည်။
  • တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ နေရာများအတွက် အမည်စာရင်းကို တရားသူကြီးချုပ်နှင့် သမ္မတတို့က ပြုစုပြီး ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုရန် ပေးပို့တင်သွင်းရပါသည်။
  • ထိုအမည်စာရင်း တင်သွင်းခံထားရသူများအနေဖြင့် ၎င်းနေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိလျှင် ပြည်ထောင်စုလွှတ်တော်က ထိုတရားသူကြီးများ၏ အမည်စာရင်းကို ပယ်ချနိုင်ခြင်း မရှိချေ။
  • တရားသူကြီးချုပ်အပါအဝင် တရားလွှတ်တော် တရားသူကြီး (၇)ဦးမှ (၁၁)ဦး
  • ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးများသည် ရာထူးမှ နုတ်ထွက်ခြင်းနှင့် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမရှိလျှင် အသက် (၇၀) နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများခန့်အပ်ခြင်း

  • တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် အသီးသီးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများဦးရေ အနည်းဆုံး ၃ဦးမှ အများဆုံး ၇ ဦးအထိ ခန့်အပ်နိုင်ပါသည်။
  • နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်း၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ နှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်နဘ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်နိုင်ပါသည်။
  • နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တင်ပြလာသူအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၀ နှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ် နိုင်ပါသည်။
  • ပြည်နယ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများသည် ရာထူးမှ နုတ်ထွက်ခြင်းနှင့် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမရှိလျှင် အသက် (၆၅) နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

(STEP Democracy မှပြုစုရေးသားပါသည်။)