'Support to Electoral Processes and Democracy - STEP Democracy'

ကြိုတင်မဲပေးခြင်း

ကြိုတင်မဲပေးခြင်း

ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မိမိအမည်စာရင်း ပါရှိသည့် မဲဆန္ဒနယ်တွင် အလုပ်ကြောင့် သော်လည်းကောင်း၊ အခြားအ‌ကြောင်းအရာကြောင့်သော်လည်းကောင်း ရှိမနေနိုင်လျှင် ကြိုတင်မဲ ပေးနိုင်သည်။ ကြိုတင်မဲပေးရာတွင် မဲဆန္ဒနယ်အတွင်း နှင့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခြင်းဟူ၍ နှစ်မျိုးရှိသည်။

ကြိုတင်ဆန္ဒမဲပေးခြင်း နှစ်မျိုး

(၁) မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း

မဲဆန္ဒနယ်အတွင်းတွင်ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင် သောအောက်ဖော်ပြပါ မဲဆန္ဒရှင်များ -

      (၁)       အနာကြီးရောဂါစွဲကပ်နေသူများ၊

      (၂)        ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရသူများ၊

      (၃)       အသက်အရွယ်ကြီးရင့်နေသူများ၊

      (၄)       နေအိမ်တွင် မီးဖွားနေသူများ၊

      (၅)       မသန်စွမ်းသူများ၊

      (၆)       ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများ၊

      (၇)       ဆေးရုံ၌ အတွင်းလူနာအဖြစ်ဆေးဝါးကုသမှု ခံယူနေရသူများ။

(မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင်များအား ကြိုတင်မဲရယူရာတွင် ကော်မရှင်က သတ်မှတ်သည့်နေ့တွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်မည် ဖြစ်ပြီး ဆန္ဒပြုရာတွင် တံဆိပ်တုံးထု၍ ဆန္ဒပြုရပါမည်။)

(၂) မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်း (ပြည်တွင်း၊ပြည်ပ)

ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲဆန္ဒနယ်၏ပြင်ပတွင် ရောက်ရှိနေသော အောက်ဖော်ပြပါ မဲဆန္ဒရှင်များ -

            (၁)       တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊

            (၂)        မဲဆန္ဒနယ်ပြင်ပရောက်ကျောင်းသားများ၊

            (၃)       မဲဆန္ဒနယ်ပြင်ပရောက်သင်တန်းသားများ၊

            (၄)       မဲဆန္ဒနယ်ပြင်ပရောက်အခြားမဲဆန္ဒရှင်များ၊

            (၅)       အချုပ်ခံနေရသူများ၊

            (၆)       ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများ၊

            (၇)       အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ။

(မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များအား ကြိုတင်မဲရယူရာတွင် ဆန္ဒမဲပေးခြင်းကို ဘောပင်ဖြင့် အမှန် () ခြစ်၍ ဆန္ဒပြုရပါမည်။)

မှတ်ချက်။ အပိုဒ်ခွဲ ၄ ပါ မဲဆန္ဒနယ်ပြင်ပရောက်အခြားမဲဆန္ဒရှင်များဆိုသည်မှာ -

ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅(ခ)နှင့် ပုဒ်မ ၄၅(ဂ) (၇) ပါ မဲဆန္ဒရှင်များမှအပ အခြားဒေသရှိ စီမံကိန်းများ၊ စက်မှု လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းတစ်ခုခုတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသော မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံ့ ဝန်ထမ်းများ အပါအဝင် အခြားမဲဆန္ဒရှင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေကြသော မဲဆန္ဒရှင်များကိုဆိုသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လိုက်နာရမည့်အချက်များ

(က)    ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များဖြစ်သည့် ကျောင်းသား များ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများသည် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကြေညာပြီးလျှင်ပြီးချင်း မိမိတို့နှင့်သက်ဆိုင်သည့် ဌာနအကြီးအမှူးများထံမှ ပုံစံ (၁၅) များကို ရယူပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးလိုကြောင်း ဖြည့်သွင်းပြီး သက်ဆိုင်ရာဌာန အကြီးအမှူးများထံ ပြန်လည်ပေးပို့ရမည်။

(ခ)    နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များသည် မိမိတို့နှင့် သက်ဆိုင်သည့် သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများ၏ အကြီးအမှူးများထံမှ ပုံစံ (၁၅) များကိုရယူပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးလိုကြောင်း ဖြည့်သွင်းပြီး သက်ဆိုင်ရာ အကြီးအမှူးထံ ပြန်လည်ပေးပို့ရမည်။

ကြိုတင်ဆန္ဒမဲပေးခြင်းနည်းလမ်းများ

(က)    မဲဆန္ဒနယ်အတွင်းရှိ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ

၎င်းတို့အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်သည်။

(ခ)    မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ သက်ဆိုင်ရာ တပ်ဖွဲ့၌ တာဝန်အရှိဆုံးပုဂ္ဂိုလ်က စီစဉ်ပေးသည့်နေရာ၌ ကြိုတင်ဆန္ဒမဲလက်မှတ် များတွင် မိမိတို့ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင် ဆန္ဒမဲလက်မှတ် များကို သက်ဆိုင်ရာ စာအိတ်၌ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ထိုတာဝန်ရှိ ပုဂ္ဂိုလ်ထံသို့ ချက်ချင်းပြန်လည်ပေးအပ်ရမည်။

(ဂ)   မဲဆန္ဒနယ်ပြင်ပရောက် ဝန်ထမ်းအဖွဲ့အစည်းများ

ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ သက်ဆိုင်ရာ အဖွဲ့အစည်း၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က စီစဉ်ပေးသည့်နေရာ၌ ကြိုတင်ဆန္ဒမဲ လက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင်ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ စာအိတ်၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ထိုတာဝန်ရှိ ပုဂ္ဂိုလ်ထံသို့ ချက်ချင်းပြန်လည်ပေးအပ်ရမည်။

(ဃ)    မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများနှင့် သင်တန်းသားများ

ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ သက်ဆိုင်ရာ ပါမောက္ခချုပ် သို့မဟုတ် ကျောင်းအုပ်ကြီးက စီမံပေးသည့်နေရာ၌ ကြိုတင်ဆန္ဒမဲ လက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင်

ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ စာအိတ်၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ထိုပါမောက္ခချုပ် သို့မဟုတ် ကျောင်းအုပ်ကြီးထံသို့ ချက်ချင်း ပြန်လည်ပေးအပ်ရမည်။

(င)    မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေရသူများ

ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ သက်ဆိုင်ရာ ရဲစခန်း သို့မဟုတ် အကျဉ်းစခန်း အကြီးအမှူးက စီစဉ်ပေးသည့်နေရာ၌ ကြိုတင် ဆန္ဒမဲလက်မှတ်များတွင် မိမိတို့ ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာစာအိတ်၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ထိုအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးထံသို့ ချက်ချင်းပြန်လည်ပေး အပ်ရမည်။

(စ)    မဲဆန္ဒနယ်ပြင်ပရောက် အတွင်းလူနာများ

ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ မိမိရှိရာ ခုတင်၌ပင် ဆေးရုံတာဝန်ခံက လာရောက်ပေးအပ်သည့် ကြိုတင်ဆန္ဒမဲလက်မှတ် များတွင် မိမိတို့ဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ ယင်းကြိုတင်ဆန္ဒမဲလက်မှတ် များကို သက်ဆိုင်ရာစာအိတ်၌ ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး ပြန်လည်ပေးအပ်ရမည်။ လူနာကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်၌ ရေးသွင်းရန်အခက်အခဲရှိလျှင် ဆေးရုံ ဝန်ထမ်း နှစ်ဦးရှေ့မှောက်တွင် မိမိ၏ဆန္ဒအတိုင်း ရေးသွင်းစေရန် ဆေးရုံ တာဝန်ခံထံမှ အကူအညီရယူ၍ ဆောင်ရွက်နိုင်သည်။

(ဆ)    နိုင်ငံပြင်ပတွင်ရောက်ရှိနေသည့် ကြိုတွင်ဆန္ဒမဲပေးခွင့်ရှိသူများ

ကော်မရှင်က သတ်မှတ်ပေးသောနေ့ရက်နှင့် အချိန်ကာလအတွင်း၌သာ သက်ဆိုင်ရာ သံရုံး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးက သတ်မှတ်ပေးသည့်နေရာတွင် သွားရောက်၍ ကြိုတင်ဆန္ဒမဲလက်မှတ် တွင် မိမိဆန္ဒပြုလိုသည့်အတိုင်း ရေးသွင်းကာ စာအိတ်၌ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး သက်ဆိုင်ရာအကြီးအမှူးသို့ ပြန်လည်ပေးအပ်ရမည်။

ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲမပေးဖြစ်သူများ

ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် လည်းကောင်း အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးသည်လည်းကောင်း ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိသက်ဆိုင်ရာမဲရုံသို့ အချိန်မီ ပြန်လည်ရောက်ရှိလာပြီး သက်ဆိုင်ရာ ဌာနအကြီးအမှူး သို့မဟုတ် တပ်မှူး သို့မဟုတ် သံရုံးအကြီးအမှူး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံးအကြီးအမှူး သို့မဟုတ် ကောင်စစ် ဝန်ရုံးအကြီးအမှူးထံမှ ဆန္ဒမဲ မပေးရသေးကြောင်း သက်သေခံလက်မှတ်ကို တင်ပြနိုင်လျှင် သက်ဆိုင်ရာ မဲရုံမှူးသည် ယင်းပုဂ္ဂိုလ်အား ထိုမဲရုံတွင် ဆန္ဒမဲပေးရန် ခွင့်ပြုရမည်။

ခိုင်လုံမဲ

(STEP Democracy မှပြုစုရေးသားပါသည်။)