'Support to Electoral Processes and Democracy - STEP Democracy'

ဒီမိုကရေစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဒီမိုကရေစီ

  • ဒီမိုကရေစီဟူသော စကားလုံးသည် ရှေးခေတ်ဂရိ စကားလုံးများဖြစ်ကြသော Demos (ပြည်သူ) နှင့် Karatos (အုပ်ချုပ်ခြင်း) မှ ဆင်းသက်လာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူမှ အုပ်ချုပ်ခြင်းဟုဆိုလိုသည်။
  • ဒီမိုကရေစီကျင့်စဉ်သည် ဉပဒေအရ သတ်မှတ်ပြဌာန်းချက်များနှင့် ကိုက်ညီသော နိုင်ငံသားတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်၊ ကိုယ်တိုင်ပါဝင်ကာ ယှဉ်ပြိုင်အရွေးချယ်ခံပိုင်ခွင့်ရှိသည်။ ဒီမိုကရေစီဆိုသည့် အဓိပ္ပါယ်အား အမျိုးမျိုးသော ပညာရှင်များက လူထု အခြေခံ (Of the People)၊ လူထုအတွက် (For the People)၊ လူထုနည်းအားဖြင့် (By the People) ဆို၍ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အရွယ်ရောက်ပြီးသူ နိုင်ငံသားများက နိုင်ငံကို အုပ်ချုပ်မည့်သူများအား ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်။
  • ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုခုတွင် လူများစု၏အုပ်ချုပ်မှုကို တစ်ချိန်တည်းမှာပင် လူတစ်ဦးချင်း၏ လူ့အခွင့်အရေးအာမခံချက်နှင့် ထပ်ဆင့်အားဖြည့်ပေးထားခြင်းဖြင့် လူမျိုးစု၊ ဘာသာရေး၊ နိုင်ငံရေးလူနည်းစု သို့မဟုတ် အငြင်းပွားနေသော ဉပဒေပြုသာမာန်ကိစ္စ တစ်ရပ်ရပ်အတွက် အချေအတင်ပြုကြရာတွင် ရှုံးနိမ့်သွားသော လူနည်းစုအခွင့်အရေးကို ကာကွယ်ပေးနေရပါမည်။
  • ဒီမိုကရေစီစနစ်သည် နိုင်ငံသားအားလုံးအား လူများစု အုပ်ချုပ်ရေးစနစ်အားဖြင့် နိုင်ငံရေးဆုံးဖြတ်ချက်များကို လွတ်လပ်စွာချမှတ်ကြပါသည်။ သို့ရာတွင် လူအများစုက အုပ်ချုပ်တိုင်း ဒီမိုကရေစီမကျပါ။ ဉပမာအားဖြင့် (၅၁) ရာခိုင်နှုန်းရှိသော လူများစုက (၄၉) ရာခိုင်နှုန်းသော ကျန်ရှိသော လူနည်းစုကို မိမိတို့က လူများစုဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖိနှိပ်ချုပ်ချယ်နေခြင်းကို တရားမျှတသည်ဟု မည်သူကမျှ ခေါ်ဆိုလိမ့်မည် မဟုတ်ပါ။
  • ဒီမိုကရေတစ် တရားဉပဒေများနှင့် အဆောက်အအုံများက နိုင်ငံသားတိုင်း၏ အခွင့်အရေးကို အကာအကွယ်ပေးသကဲ့သို့ လူနည်းစု၏ အခွင့်အရေးများကိုပါ အကာအကွယ်ပေးသည်။ လူထုကိုယ်စားလှယ်များပါဝင်သော ဒီမိုကရေစီသည် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ အစိုးရ၏ အာဏာကိုကန့်သတ်ထားပြီး နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးကို အာမခံချက်ပေးသည်။
  • “ဒီမိုကရေစီဆိုသည်မှာ လူထုမှ အာဏာအပ်နှင်းသော အစိုးရဖြင့် အုပ်ချုပ်သည့် နိုင်ငံရေးစနစ်တစ်ရပ်ဖြစ်သည်။” ဟု ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ Richar M. Pious က ဆိုသည်။
  • ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် လွတ်လပ်စွာရေးသားခွင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်များ ရှိနေသည်ဖြစ်၍ စာနယ်ဇင်း၊ မီဒီယာများက ဝေဖန်ထောက်ပြခြင်းဖြင့် ပြည်သူများအမြင်အကျယ်လာပြီး နောင်လာမည့် ရွေးကောက်ပွဲများတွင် အရည်အချင်းရှိသူများကို ရွေးချယ်ခွင့်ရနိုင်သည်။

 

ဒီမိုကရေစီနှင့် ပတ်သက်၍ အချို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်များ

၁။ လူထုနည်းဖြင့် တင်မြှောက်သော အစိုးရဟူသည် ပြည်သူအားလုံး၏ ဘုံပြဿနာများနှင့် ဘုံအကျိုးစီးပွားတို့ကို လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝဆွေးနွေးနိုင်သည့် နည်းလမ်းအပါအဝင် နည်းလမ်းများစွာဖြင့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ချစ်ကြည်သွေးစည်းမှုတို့ကို တတ်နိုင်သမျှ အမြင့်ဆုံးဖော်ဆောင်ပေး၍ လူသားစွမ်းဆောင်ရည်တို့ကို အစွမ်းကုန်ဖွံ့ဖြိုးစေသော အစိုးရစနစ်မျိုးဖြစ်သည်။ (Pennok J. Roland 1979)

၂။ ဒီမိုကရေစီတွင် ဉပဒေရေးရာမူဝါဒရေးရာတို့နှင့်ပါတ်သတ်၍ အရေးပါတသော အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးဆိုင်ရာအခွင့်အရေး တန်းတူညီမျှရှိသောလူ့အဖွဲ့အစည်းဝင် နိုင်ငံသားအများစုက တရားဝင်ထုတ်ဖော်လာသည့် လူထုအမြင်သဘောထားများအပေါ်တွင် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း မှီတည်လျက်ရှိသည်။ (Weale, Albert 1999)

၃။ ဒီမိုကရေစီဟူသည် အပြိုင်ရှိသောသော ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက ဆုံးဖြတ်ချက်ချမှတ်မှုဖြစ်စဉ်တွင် အများပြည်သူတို့ ပါဝင်ခွင့်ရစေသော နည်းလမ်းမျိုးဖြင့် ပြည်သူ့ရေးရာမူဝါဒ အမျိုးမျိုးတို့ကို သူ့ထက်ငါ အပြိုင်အဆိုင် ဖော်ထုတ်ချပြကြသော ပြိုင်ဆိုင်မှု အခြေပြုနိုင်ငံရေးစနစ်ဖြစ်သည်။

(Elmer Eric Schattschneider 1960)

 

(STEP Democracy မှပြုစုရေးသားပါသည်။)