'Support to Electoral Processes and Democracy - STEP Democracy'

ဒီမိုကရေစီ၏ အခြေခံ အင်္ဂါရပ်များ

၁။ တန်းတူညီမျှမှု

၂။ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ

၃။ ကိုယ်စားပြုခြင်း

၅။ ပွင့်လင်းမြင်သာမှု

၆။ တုန့်ပြန်ဆောင်ရွက်မှု

၇။ ပါဝင်ဆောင်ရွက်မှု

၈။ နားလည်သည်းခံမှုနှင့် စေ့စပ်ညှိနှိုင်းမှု

၉။ တရားဉပဒေစိုးမိုးမှု

 

၁။ တန်းတူညီမျှမှု

ကိုယ်စားပြု ဒီမိုကရေစီစနစ်တွင် တန်းတူညီမျှမှု ရှိရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအတွင်းမှ တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စုတစ်ဖွဲ့ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖယ်ကျဉ်းထားမည်ဆိုပါက ဒီမိုကရေစီစနစ် ကောင်းစွာလည်ပတ်နိုင်မည် မဟုတ်ပါ။

ထို့အပြင် ဒီမိုကရေစီစနစ်တွင် အရွယ်ရောက်ပြီးသော နိုင်ငံသားတိုင်းသည် ဆန္ဒမြပေးခွင့်ရှိပြီး မဲတိုင်းသည် တူညီသော တန်ဖိုးများရှိပါသည်။ ထိုအခွင့်အရေးကို ခိုင်လုံသော အကြောင်းပြချက်ဖြင့်သာ ကန့်သတ်နိုင်သည်။

အကယ်၍ ကိုယ်စားလှယ်ရွေးချယ်ခွင့်ကို အချို့သောနိုင်ငံသားများအား တန်းတူညီမျှစွာ ပေးမထားပါက ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များသည်လည်း သက်ဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုလုံးအား ထင်ဟပ်လိမ့်မည်မဟုတ်ပေ။

ဉပမာ

  • ဆော်ဒီအာရေးဗျ နိုင်ငံတွင် အမျိုးသမီးများ မဲပေးခွင့် မရရှိခြင်း
  • တောင်အာဖရိကမှ လူမဲများသည် ၁၉၉၄ခုနှစ်အထိ မဲပေးခွင့် မရရှိခဲ့ပါ။
  • ၁၉၈၀ ခုနှစ်များတွင် ကွန်ဂိုသမ္မတနိုင်ငံ၌ ဘာရာရန်ဒါ လူမျိုးစုမှ နိုင်ငံသားများကို လူထု ကိုယ်စားလှယ်များ ဖြစ်ခွင့်မပြုခဲ့ပါ။

၎င်းဖြစ်စဉ်များသည် လူထုအုပ်စိုးမှု (The Rule of the People) အနှစ်သာရ ရှိသည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ပြည်သူအများသည် ဆုံးဖြတ်ချက်ချမှတ်မှုဖြစ်စဉ်တွင် ဖယ်ကျဉ်ခံထားရခြင်းကြောင့်ဖြစ်သည်။

၂။ လွတ်လပ်လမျှတသော ရွေးကောက်ပွဲများ

ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို သက်ရောက်နိုင်မည့် အရေးပါသော ဆုံးဖြတ်ချက်များကိုချမှတ်ပေးရန် လိုအပ်သည်။ ပြည်သူလူထုအနေဖြင့်မျှတသည်ဟု လက်ခံနိုင်စေမည့် နည်းမျိုးဖြင့် အဆိုပါဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေရန် လိုအပ်သော တရားဝင်မှုကို လွတ်လပ်မျှတသော ရွေးကောက်ပွဲများက ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များအား ပေးစွမ်းနိုင်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။

  • နိုင်ငံရေးအရ ပါဝင်ပတ်သက်သူများ အားလုံးက ရွေးကောက်ပွဲရလာဒ်များကို လက်ခံခြင်း
  • မျှတသော ရွေးကောက်ပွဲဥပဒေမူဘောင်များရှိခြင်း
  • လွတ်လပ်၍ စွမ်းဆောင်ရည်ရှိသော ရွေးကောက်ပွဲစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့အစည်းများထားရှိခြင်း

၃။ ကိုယ်စားပြုခြင်း

လွှတ်တော်နှင့် အစိုးရတို့သည် ၎င်းတို့အလုပ်အကျွေးပြုမည့်လူ့အဖွဲ့အစည်းကို ကိုယ်စားပြု ထင်ဟပ်မှုရှိနေရမည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများသည် လူ့အဖွဲ့အစည်းအတွင်းရှိနေသော မတူကွဲပြားသည့် လူမှုအုပ်စုမျိုးစုံကို သက်ဆိုင်ရာဦးရေပမာဏအလိုက် မျှတစွာ ကိုယ်စားပြုမှုပေးနိုင်စေရန် စီမံထိန်းကျောင်းပေးနိုင်ရမည်ဖြစ်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများ အနေဖြင့် တွေ့မြင်နိုင်သည်။

  • အားလုံးပါဝင်နိုင်စေမည့် ရွေးကောက်ပွဲစနစ်နှင့် ပါလီမန်စနစ်များကို ကျင့်သုံးခြင်း။
  • ခွဲခြားဆက်ဆံမှု ပပျောက်ရေးဥပဒေများ ပြဌာန်းထားရှိခြင်း။
  • အနှိမ်ခံလူမှုအုပ်စု ပံ့ပိုးကူညီရေးမူဝါဒများ ချမှတ်ကျင့်သုံးခြင်း။

၄။ တာဝန်ခံမှု

ပြည်သူလူထု ကိုယ်စားပြုဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်ရန် ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူအများစု လက်မခံနိုင်သော ဆုံးဖြတ်ချက်များကို ချမှတ်ကြသည့်အခါတွင် အဆိုပါခေါင်းဆောင်နှင့် ကိုယ်စားလှယ်များကို ပြည်သူလူထုအနေဖြင့် ပြည်လည်ဖယ်ရှားနိုင်စွမ်းလည်း ရှိရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် ကိုယ်စာလှယ်များသည် ၎င်းတို့ ကျူးလွန်သော မည်သည့်အမှားအယွင်းကို မဆို၊ မည်သည့်မသမာမှုကိုမဆို တာဝန်ခံရမည်ဖြစ်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။

  • တရားဥပဒေစိုးမိုးမှု၊ အာဏခွဲဝေ ပိုင်းခြားကျင့်သုံးမှု
  • လွတ်လပ်သော စာရင်းစစ် လုပ်ငန်းစနစ်ထားရှိခြင်း
  • လွှတ်တော်မှ စောင့်ကြည့်စစ်ဆေးနိုင်သော အခွင့်အာဏာ အခိုင်အမာရှိခြင်း

၅။ ပွင့်လင်းမြင်သာမှု

အစိုးရအတွင်းရှိ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ ချမှတ်လုပ်ဆောင်သော ဆုံးဖြတ်ချက်များဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိလျှင် ၎င်းတို့ ကျူးလွန်နိုင်ဖွယ်ရှိသော မတရားမှုများ၊ လူထုလက်မခံနိုင်သော ဆုံးဖြတ်ချက်များအတွက် တာဝန်ခံခိုင်းစေရန် ဖြစ်နိုင်စေမည်မဟုတ်ပါ။ ထို့ကြောင့်အဆိုပါ ဆုံးဖြတ်ချက်များ ဆောင်ရွက်ချက်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူမှ ရယူသိရှိနိုင်ရေးသည် များစွာအရေးကြီးပေသည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများ အနေဖြင့် တွေ့မြင်နိုင်သည်။

  • သတင်းလွတ်လပ်ခွင့် ဥပဒေများ ပြဌာန်းပေးခြင်း
  • လွတ်လပ်သော သတင်းမီဒီယာများ ထားရှိခြင်း
  • နိုင်ငံရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ စည်းမျဉ်းဥပဒေများ ထားရှိခြင်း

၆။ တုန့်ပြန်ဆောင်ရွက်မှု ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ လိုအပ်ချက်များကို အလေးထားဂရုစိုက်ရန်နှင့် အဆိုပါလိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းနိုင်မည့်ဆုံးဖြတ်ချက်များ၊ မူဝါဒများချမှတ်ပေးရန် အလွန်အရေးကြီးပေသည်။ တုန့်ပြန်ဆောင်ရွက်မှုရရှိသော အစိုးရသည် ၎င်းပြည်သူ၏ အသံကိုနားထောင်ပြီး ၎င်းပြည်သူ၏လိုအပ်ချက်များနှင့် ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးလေ့ရှိသည် ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။

  • ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ခြင်း။
  • နိုင်ငံသားများနှင့်ထိတွေ့ဆောင်ရွက်မှုရှိခြင်းနှင့် နိုင်ငံသားများကတက်ကြွလှုပ်ရှားမှုရှိခြင်း။
  • ဒေသန္တရအစိုးရများအား ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ အခွင့်အာဏာခွဲဝေပေးခြင်း။

၇။ ပါဝင်ဆောင်ရွက်မှု

ပြည်သူလူထုအနေဖြင့် ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိပါက အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းဖြစ်စဉ်သည်လည်း ဒီမိုကရေစီနည်းကျ လုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။ နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှုသည် ဒီမိုကရေစီအတွက် မရှိမဖြစ် အခြေခံအဂ်ါရပ်တစ်ခုလည်း ဖြစ်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများနှင့် လက်တွေ့ကျင့်သုံးမှုများ အနေဖြင့် တွေ့မြင်နိုင်သည်။

  • နိုင်ငံရေးနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများကို လေးစားခြင်း
  • ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများတွင် ပါဝင်ခြင်း
  • မဲပေးသူ ပမာဏမြင့်မားခြင်း

၈။ နားလည်သည်းခံမှုနှင့် စေ့စပ်ညှိနှိုင်းမှု

ဒီမိုကရေစီတွင် နိုင်ငံသား အားလုံးတန်းတူညီမျှမှုရှိကြသည် ဆိုသော်လည်း ကွဲပြားခြားနားမှုနှင့် လူနည်းစု များကတော့ ရှိနေကြစမြဲဖြစ်သည်။

နားလည်သည်းခံမှုဆိုသည်မှာ နိုင်ငံသားများအနေဖြင့် မိမိနှင့်မတူသော အခြားသူများ၏ အမြင်သဘောထားများ၊ အယူအဆများကို မိမိကိုယ်တိုင် သဘောတူညီခြင်းမရှိသော်လည်း အလေးထား နားထောင်ပေးခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းသည်ဒီမိုကရေစီတွင်များစွာ အရေးကြီးပေသည်။ မတူကွဲပြားသော နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမျိုးစုများအချင်းချင်းအတူတကွ ပူးပေါင်းလက်တွဲလုပ်ကိုင်နေကြခြင်းသည် နားလည်သည်းခံမှု၏ သွင်ပြင်လက္ခဏာတစ်ရပ်လည်းဖြစ်သည်။

စေ့စပ်ညှိနှိုင်းမှုဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ချင်းအလိုက် လိုချင်နေကြသော အရာမျိုးကိုစွန့်လွှတ်၍ အားလုံးသဘောတူ လက်မခံနိုင်သောအရာအား ကြိုးပမ်းရယူခြင်းကို ဆိုလိုသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာလည်း ငြင်းခုန်မှု ပဋိပက္ခများကို အဆုံးသတ်စေပြီး အဖြေတစ်ခုကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကိုယ်စားလှယ်များအနေဖြင့် (မိမိတို့သက်ဆိုင်ရာ လူ့အသိုက်အဝန်းတစ်ခုချင်းစီအတွက် အကောင်းဆုံးမဟုတ်သည့်တိုင်) လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်စေမည့် အဖြေတစ်ခုပေါ်တွင် လက်ခံသဘောတူညီမှုရှိကြခြင်းသည် စေ့စပ်ညှိနှိုင်းမှု၏ ဥပမာတစ်ခုပင်ဖြစ်သည်။

နားလည်သည်းခံခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းများကို အောက်ပါနည်းလမ်းများဖြင့် တွေ့မြင်နိုင်သည်။

  • ပြည်သူတို့သည် ကွဲပြားခြားနားသော အကျိုးစီးပွားများ၊ အယူအဆများအား စီမံခန့်ခွဲနိုင်မည့် နည်းလမ်းမျးာကို ရှာဖွေ၍ အဆိုပါ မတူကွဲပြားမှုများကြားတွင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရန် ကြိုးပမ်းခြင်း
  • ပြည်သူတို့သည် မည်သည့်အစုအဖွဲ့မျှ ၎င်းတို့လိုချင်သည့်အရာအားလုံးကို ရလည်းမရသင့် ရလည်း မရနိုင်ဆိုသည့် သဘောကို နားလည်ထားခြင်း
  • လူနည်းစုကလည်း လူများစု၏ ဆုံးဖြတ်ချက်နှင့် ဆန္ဒတို့ကို လေးစားသင့်သကဲ့သို့ လူအများစုကလည်း လူနည်းစု၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို လေးစားခြင်း။

၉။ တရားဥပဒေစိုးမိုးမှု

ဒီမိုကရေစီအစိုးရတစ်ရပ်တွင် နိုင်ငံသားအားလုံးသည် ဥပဒေ၏ ရှေ့မှောက်၌ တန်းတူညီမျှရှိနေရန် အထူးလိုအပ်သည်။ (ခေါင်းဆောင်လုပ်သူများအပါအဝင်) ချမ်းသာသော ဩဇာအာဏာရှိသော နိုင်ငံသားများသည်လည်း ဆင်းရဲသော အာဏာမဲ့သော နိုင်ငံသားများနှင့် ဥပဒေအရ တန်းတူအခွင့်အရေးနှင့် တာဝန်များရှိနေပြီး နိုင်ငံသားအားလုံးသည် တရားမျှတမှုနှင့် တရားမျှတစွာ ဆက်ဆံခံရမှုတို့ကို တန်းတူခံစားခွင့်ရှိနေကြခြင်း ဖြစ်သည်။ ၎င်းတို့ကို အောက်ပါလက်တွေ့ကျင့်သုံးမှုနည်းလမ်းများ အနေဖြင့်တွေ့မြင်နိုင်သည်။

  • ခေါင်းဆောင်များနှင့် အစိုးရဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ဥပဒေဖြင့် ကန့်သတ်ထားသည်။
  • အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားပြုမှုများကို တားဆီးသည့် ဥပဒေများ အခိုင်အမာထားရှိသည်။
  • နိုင်ငံသားတစ်ဦး ဥပဒေချိုးဖောက်သော အခါတွင်လည်း သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်းသာ စီရင်ရသည်။
  • မည်သည့်နိုင်ငံသားမှ အခြားသူများထက် အခွင့်အရေး ပိုမိုရရှိခြင်းနှင့် အခွင့်ထူးခံခြင်းမှုမရှိစေရပေ။
  • တရားဥပဒေစိုးမိုးမှုသည် နိုင်ငံသားများအား  ရာဇဝတ်မှုများ၊ အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးသည်။

 

(STEP Democracy မှပြုစုရေးသားပါသည်။)