'Support to Electoral Processes and Democracy - STEP Democracy'

ရွေးကောက်ပွဲစက်ဝန်း

ရွေးကောက်ပွဲဖြစ်စဉ်ကို စက်ဝန်းအဖြစ်ညွှန်းပြပြောဆိုကြသည်။ ရွေးကောက်ပွဲစက်ဝန်းဆိုသည်မှာ ကာလအပိုင်းအခြား (၃)ရပ်တွင် ဆောင်ရွက်ရန် လုပ်ငန်းများကို အဆင့်ဆင့်အလိုက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရန်ဖြစ်သည်။

ယင်းတို့မှာ -

၁။ ရွေးကောက်ပွဲ အကြိုကာလ

၂။ ရွေးကောက်ပွဲ ကာလ

၃။ ရွေးကောက်ပွဲ အလွန်ကာလဟူ၍ ဖြစ်ပါသည်။

ရွေးကောက်ပွဲစက်ဝန်းသည် အဖြစ်အပျက်တစ်ခုမဟုတ်ပဲ စဉ်ဆက်မပျက်သွားနေသော ဖြစ်စဉ်ဖြစ်ပါသည်။ ရွေးကောက်ပွဲစက်ဝန်းကို အချိန်ကာလအားဖြင့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလ ဟူ၍ သုံးပိုင်းခွဲနိုင်သည်။ ရွေးကောက်ပွဲစက်ဝန်းသည် စတင်ချိန်ကာလနှင့် ပြီးဆုံးချိန်ကာလဟူ၍ အတိအကျသတ်မှတ်၍ မရနိုင်ပါ။ သီအိုရီအားဖြင့် ကာလတစ်ခုစတင်သည့်အချိန်သည် အခြားကာလပြီးဆုံးသည့် အချိန်ဖြစ်သည်။ သို့သော်လည်း အချို့သော ဆောင်ရွက်စကာလုပ်ငန်းများသည် ရွေးကောက်ပွဲစက်ဝန်းတစ်ခုလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နေရလေ့ရှိသည်။ အလားတူပင် နိုင်ငံသားအသိပညာပေးခြင်း၊ နိုင်ငံရေးပါတီများအား ကူညီထောက်ပံ့ပေးခြင်း အစရှိသည့်လုပ်ငန်းများမှာ စဉ်ဆက်မပျက် ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များဖြစ်သည်။

ရွေးကောက်ပွဲအကြိုကာလ

ရွေးကောက်ပွဲအကြိုကာလတွင် ဥပဒေမူဘောင်ရေးဆွဲခြင်း၊ အစီအစဉ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်း၊ မဲစာရင်းပြုစုခြင်းနှင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းတို့ ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများရေးဆွဲခြင်း၊ ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ အဖွဲ့အစည်းများဖွဲ့စည်းခြင်းနှင့် လိုက်နာရမည့် ကျင့်ဝတ်ပိုင်းဆိုင်ရာသတ်မှတ်ခြင်းတို့သည် ရွေးကောက်ပွဲကြိုကာလ ဥပဒေမူဘောင်ရေးဆွဲခြင်းတွင် ပါဝင်သည်။ ရံပုံငွေနှင့် ငွေကြေးဆိုင်ရာ အသံးစရိတ်သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲအချိန်ပြဇယား ရေးဆွဲခြင်း၊ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းတွင်ပါဝင်သည်။ လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဝန်ထမ်းများအားလေ့ကျင့်ပေးခြင်း၊ ပြည်သူလူထုအား နိုင်ငံရေးအသိပညာ လေ့ကျင့်ပေးခြင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းတို့ပါဝင်သည်။ မဲဆွယ်စည်းရုံးခြင်းတွင် ပါတီနှင့်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုကို ကြပ်မတ်ပေါင်းစပ်ခြင်း၊ ဥပဒေစည်းမျဉ်း ချိုးဖောက်သူများအား ပြစ်ဒဏ်ပေးခြင်း၊ ပါတီများ၏ ငွေကြေးသုံးစွဲမှုကို ကြီးကြပ်စောင့်ကြည့်ခြင်း၊ သတင်းမီဒီယာအသုံးပြုမှုကို စောင့်ကြည့်ခြင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာလိုက်နာမှု စောင့်ကြည့်ခြင်း တို့ပါဝင်သည်။

ရွေးကောက်ပွဲကာလ

ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်မှန်မမှန် စစ်ဆေးခြင်းတို့ပါဝင်သည်။ မဲပေးခြင်း၊ ပြင်ပမှမဲပေးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲရေတွက်ခြင်းသည် မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် အကျုံးဝင်၍ တရားဝင်ရလဒ်ကြေညာခြင်း၊ ကန့်ကွက်၊ တိုင်တန်းခြင်းနှင့် အယူခံဝင်ခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအား စုပေါင်းတွက်ချက်စာရင်းသွင်းတို့သည့် ရွေးကောက်ပွဲရလဒ်မှန်မမှန် စစ်ဆေးခြင်းတွင် ပါဝင်သည်။

ရွေးကောက်ပွဲ နှောင်းပိုင်ကာလ

ရွေးကောက်ပွဲ နှောင်းပိုင်ကာလတွင် စာရင်းစစ်ခြင်း၊ ပြည်လည်သုံးသပ်ခြင်း၊ မဲစာရင်းပြန်လည်မွန်းမံခြင်း၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း၊ မော်ကွန်းတိုက်တွင် ထိန်းသိမ်းခြင်းနှင့် သုတေသနပြုလုပ်ခြင်းတို့ပါဝင်သည်။

ထို့ကြောင့် ရွေးကောက်ပွဲတစ်ခုတွင် နယ်ပယ်စုံက ပါဝင်ပတ်သက်သူများ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နေရသော လုပ်ငန်းစဉ်များစွာ ပါဝင်နေသည်။ ထို့ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပါဝင်ပတ်သက်သူများသည် သီးခြားစီရပ်တည်နေ၍မရကြပါ။ ၎င်းတို့သည် အပြန်အလှန်အမှီ သဟဲပြုနေကြသည်။ ထို့ကြောင့် လုပ်ငန်းနယ်ပယ်တစ်ခု မအောင်မြင်လျှင် အခြားနယ်ပယ်များကိုပါ ထိခိုက်မှုရှိနိုင်သည်။ ဥပမာအားဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်တွင် တိကျမှန်ကန်သော မဲစာရင်းများရရှိအောင် မဆောင်ရွက်နိုင်ခဲ့လျှင် အခြားနယ်ပယ်များဖြစ်သည့် ရွေးကောက်ပွဲ၏ သမာသမက်ကျမှုနှင့် တရားဝင်မှုတို့ကိုပါ ထိခိုက်သွားနိုင်သည်။

(၁) ရွေးကောက်ပွဲ အကြိုကာလတွင် လုပ်ဆောင်စရာများ

  • ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်
  • အစီအစဉ်ရေးဆွဲချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း
  • သတင်းအချက်အလက်၊ ပြန်ကြားခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်
  • စာရင်းသွင်းမှတ်တမ်းတင်ခြင်း
  • ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ြခင်း

(၂) ရွေးကောက်ပွဲ ကာလ

  • မဲပေးခြင်းဖြစ်စဉ်နှင့် ရွေးကောက်ပွဲနေ့
  • မဲရလဒ်များ အတည်ပြုခြင်း

(၃) ရွေးကောက်ပွဲ နှောင်းပိုင်းကာလ

  • မဟာဗျူဟာ အစီအစဉ်များ ချမှတ်ရေးဆွဲခြင်း
  • ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင် ပြင်ဆင်ခြင်း
  • အငြင်းပွားမှုများ ဖြေရှင်းခြင်း

ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်သည် ကြိုတင်ပြင်ဆင်မှုများ၊ လုပ်ငန်းလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။

ကာလရှည်အတွက် ရည်မှန်းချက်ပန်းတိုင်များကို မဟာဗျူဟာစီမံကိန်း ချမှတ်ရေးဆွဲခြင်းမှတဆင့် အဖွဲ့အစည်း အားကောင်းအောင်တည်ဆောက်ခြင်း၊ အရည်အသွေးမြှင့်တင်ပျိုးထောင်ခြင်း၊ စနစ်နှင့်လုပ်ငန်းများ တိုးတက်အောင် ပြုလုပ်ခြင်းများ ဆောင်ရွက်ရပါသည်။

(STEP Democracy မှ ပြုစုရေးသားပါသည်။)