'Support to Electoral Processes and Democracy - STEP Democracy'

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် ပြည်သူထံမှဆင်းသက်သည့် အချုပ်အခြာအဏာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူ၍ ပိုင်းခြားကျင့်သုံးပါသည်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ် ကောင်းမွန်စွာလည်ပတ်နိုင်ရေးတွင် အာဏာခွဲဝေကျင့်သုံးခြင်းသည် အရေးကြီးပါသည်။

  • အစိုးရ၏ အာဏာများနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို စုစည်း ဖော်ပြထားသောအစိုးရနှင့် ပြည်သူအကြား ဆက်ဆံရေးကောင်းမွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူများ ဖြစ်သည်။ ထို့ပြင်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးရန် နိုင်ငံတော်ကို မည်သည့်အဖွဲ့အစည်းများဖြင့် မည်သို့ဖွဲ့စည်း တည်ဆောက်မည်၊ ထိုအဖွဲ့အစည်းများကို မည်သည့်အာဏာများ အပ်နှင်းမည်၊ ယင်းတို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့် အဏာအရမည်သို့ ကျင့်သုံးမည် စသည်ပါရှိသော သဘောတူစာချုပ်ကြီးဖြစ်သည်ဟု C.F Strong က အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

 

ဖွဲ့စည်းပံဒအခြေခံဥပဒေကို အဓိကအားဖြင့် အချက်သုံးချက်ဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

 

(က) အခြေခံဥပဒေသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဟူသည့် အချုပ်အခြာအာဏာသုံးရပ်ကို ပိုင်းခြား၍ အပြန်အလန်ထိန်းကျောင်းရန် ပြဌာန်းသည်။

(ခ) အခြေခံဥပဒေသည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအကြား ပဋိဉာဉ်ကို ပြဌာန်းသည်။

(ဂ) အခြေခံဥပဒေသည် အချုပ်အခြာအာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်းရန် ဥပဒေများ မည်သို့ ပြဌာန်းရမည်ကို သတ်မှတ်ပြဌာန်းပေးသည်။

ထိုအချုပ်အခြာအာဏာရပ်ကြီးသုံးရပ်ကိုပေါင်း၍ လူတစ်ဦးတစ်ယောက်တည်းကသာ ချုပ်ကိုင်သောစနစ် (ဥပမာ - ပဒေသရာဇ်စနစ်) နှင့် လူတစ်စုတစ်ဖွဲ့က ချုပ်ကိုင်သောစနစ် (အာဏာရှင်စနစ်) များကို သွေဖယ်၍ ပြည်သူများ ပါဝင်အုပ်ချုပ်သောစနစ်ကို အကောင်အထည်ဖော်ခြင်းပင်ဖြစ်သည်။ ထိုအချုပ်အခြာအာဏာသုံးရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသော ကာလသက်တမ်း အကန့်အသတ်ဖြင့် ပြည်သူလူထုမှ ပုံမှန်ရွေးချယ်၊ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ ပါဝင်အုပ်ချုပ်သောစနစ်ကို ဆိုလိုခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ထိုအာဏာသုံးရပ်ကို ပိုင်းခြား၍ ကျင့်သုံးမည့် ပြည်သူ့ကိုယ်စားလှယ်များဖွဲ့ အဖွဲ့အစည်းများ ရွေးကောက်တင်မြှောက်ခန့်အပ်မှု ဥပဒေများ၊ အာဏာတစ်ခုချင်းစီ၏ လုပ်ပိုင်ခွင့် တာဝန်ဆိုင်ရာ ဥပဒေများ၊ အာဏာတစ်ခုနှင့် တစ်ခုအကြား အပြန်အလှန်ထိန်းကျောင်းစောင့်ကြည့်စစ်ဆေးရန် ဥပဒေများ၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များဆိုင်ရာဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုဆိုင်ရ ဥပဒေများကို စုစည်းပြဌာန်းထားခြင်းပင် ဖြစ်ပါသည်။

နိုင်ငံတကာတွင် ပြဌားန်ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို အဓိကအားဖြင့် အပိုင်း သုံးပိုင်းဖြင့် လေ့လာနိုင်ပါသည်။ ၎င်းတို့မှာ -

(၁) Structure (ဖွဲ့စည်းတည်ဆောက်မှု ပုံစံ) - ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်ထားသည်။ (ဖက်ဒရယ်စနစ်အပေါ် အခြေခံသလား၊ တစ်ပြည်ထောင်စနစ် အပေါ် အခြေခံသလးာ စသဖြင့်)

(၂) Power (အာဏာခွဲဝေ ကျင့်သုံးမှု) - ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာများကို မည်ကဲ့သို့ ပိုင်းခြားခွဲဝေ ကျင့်သုံးထားသည်။ (အာဏာ သုံးရပ်အကြားမည်သို့ အာဏာခွဲဝေ ပိုင်းခြားကျင့်သုံးသနည်း)။

(၃) Rights (အခွင့်အရေးများ) - ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသား၊ လူနည်းစု၊ အမျိုးသမီးများ၏ အခွင့်အရေးစသည့် အခြေခံ လူ့အခွင့်အရေးများကို မည်ကဲ့သို့ ကာကွယ်ခွင့် အာမခံချက်ပေးထားသည် အစရှိသဖြင့် ပုံစံသုံးမျိုးဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာနိုင်ပါသည်။

(STEP Democracy မှပြုစုရေးသားပါသည်။)